BREAKING
October 18, 2024

ကျပ်ငွေတန်ဖိုး ထိုးကျနေပြီး ဘတ်လဲနှုန်းအချိန်နှင့်အမျှ ပြောင်းနေ၊ ရွှေအရောင်းပိတ်

May 29, 2024

အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျလာပြီး ယခုရက်ပိုင်းအတွင်း ဘတ်နှင့် ကျပ်ငွေလဲလှယ်နှုန်း ထားမှာ အချိန်နှင့်အမျှ အပြောင်းအလဲဖြစ်နေကာ ဘတ်လဲလိုသူများလာသဖြင့် လဲရခက်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ယင်းသို့ပင် အခေါက်ရွှေဈေးလည်း စံချိန်တင်မြင့်လာ၍ အရောင်းရပ်ထားကြကြောင်း ဈေးကွက်အတွင်းမှသိရသည်။

ထိုင်းဘတ်ငွေဈေးမှာ တောက်လျှောက်တက်နေပြီး မေလ ၂၈ ရက်နေ့ နံနက်ပိုင်း ဈေးဖွင့်ချိန်က တစ်ဘတ်လျှင် ၁၁၉ ကျပ် ဝန်းကျင်ရှိခဲ့သည်။ မြန်မာငွေ တစ်သိန်းလျှင် ၈၄၀ ဘတ် ပေါက်ဈေးရှိနေခြင်းဖြစ်သည်။

ထို့နောက် နေ့လယ်ပိုင်းတွင် စျေးဆက်တက်လာပြီး မြန်မာငွေတစ်သိန်းလျှင် ၈၁၈ ကျပ် ဈေးပေါက်ခဲ့ကာ နာရီပိုင်း အကြာတွင်ပင် ၈ ကျပ်ထပ်တက်လာကာ ၈၁၀ ကျပ်ဖြစ်သွားပြန်သည်။

ယင်းကဲ့သို့ ငွေဈေးနှုန်း အတက်အကျမြန်နေသည့်အတွက် ပေါက်ဈေးကို ကြိုတင်ခန့်မှန်းရန်ပင် အခက်တွေ့နေကြောင်း ထားဝယ်ဒေသရှိ ငွေလွှဲလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“လက်ထဲမှာ ကျပ် (မြန်မာငွေ) ပဲ ကိုင်ထားတာများတော့ အမြဲတမ်းအရှုံးပြနေတာ။ မနက်ဝယ်ထားရင် ညနေဆို ရှုံးပြီပဲ” ဟု ၎င်းက ပြောသည်။

ငွေကြေးတတ်နိုင်သူများက ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများတွင် ကွန်ဒိုအခန်းဝယ်ယူခြင်း၊ ရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ် လာခြင်း များကြောင့် ထိုင်းဘတ်ဈေး ဆက်တိုက်တက်နေခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ထိုင်းဘတ်ဈေးအပြင် အမေရိကန်ဒေါ်လာငွေလဲနှုန်းနှင့် အခေါက်ရွှေဈေးလည်း စံချိန်တက်မြင့်တက် နေသည်။

မေလ ၂၇ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၄၂၀၀ ကျပ်ရှိရာမှ မေလ ၂၈ ရက်တွင် ၄၃၅၀ ကျပ်ဝန်းကျင်အထိ စျေးတက်လာသည်။

အခေါက်ရွှေဈေးမှာ မေလ ၂၈ရက် နံနက်ပိုင်းက တစ်ကျပ်သားလျှင် ငါးဆယ့်သုံးသိန်းခုနစ်သောင်းကျပ် ဈေးဖွင့်ထားရာက ညနေပိုင်းတွင် ၅၅ သိန်းဝန်းကျင်အထိ မြင့်တက်သွားသည်။

ယင်းသို့ ရွှေစျေးထိုးတက်နေသဖြင့် မေလ ၂၉ရက်တွင် ထားဝယ်ရွှေစျေးကွက်၌ စျေးမဖွင့်မတော့ဘဲ အရောင်းအဝယ် ရပ်ဆိုင်းထားကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။

ရွှေဈေးစံချိန်တက်သွားသည့်အတွက် ရန်ကုန်နှင့် မန္တလေးရှိ အခေါက်ရွှေဈေးကွက်တွင်လည်း အရောင်းအဝယ် ရပ်ဆိုင်းသွားကြောင်း ပြည်တွင်းသတင်းအချို့တွင် မေလ ၂၈ ရက်က ဖော်ပြသည်။

ပြည်တွင်းတွင် တိုက်ပွဲများ ပြင်းထန်လာပြီး ပဋိပက္ခများ နေရာအနှံ့ ဖြစ်ပွားနေသည့်အတွက် ကုန်သွယ်ရေး ရပ်တန့်လု နီးပါးဖြစ်ကာ ကျပ်ငွေဈေး ဆက်တိုက်ကျဆင်းနေခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။