BREAKING
October 18, 2024

ထားဝယ်နှင့် မြိတ် လျှပ်စစ်မီတာခ ဆက်တိုက်တက်၊ မြိတ်တွင်တစ်ယူနစ် ကျပ် ၁၂၀၀ကျော်ရှိလာ

May 29, 2024

တနင်္သာရီတိုင်း ထားဝယ်ခရိုင်နှင့် မြိတ်မြို့နယ်တို့တွင် လျှပ်စစ်မီတာခ ဆက်တိုက် စျေးတက်နေကြောင်း လျှပ်စစ်မီးသုံးစွဲသူများက ပြောသည်။

ယင်း‌ဒေသအား နှစ်ခုအား Petro & Trans ကုမ္ပဏီတစ်ခုတည်းက လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးပေးနေသည်။ ထားဝယ်ခရိုင်အတွက် သဘာဝဓာတ်ငွေ့သုံး ကံပေါက်ဒေသအထိုင် မီးစက်နှင့် မြို့နယ်အလိုက် ဒီဇယ်သုံး အရန်အကူမီးစက် များဖြင့် မီးပေးကာ မြိတ်မြို့နယ်တွင် ဒီဇယ်သုံး မီးစက်ဖြင့် မီးပေးနေခြင်းဖြစ်သည်။

ထားဝယ်ခရိုင်၌ ဖေဖော်ဝါရီလအတွက် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၄၁၈ ကျပ်၊ မတ်လအတွက် ၄၂၅ ကျပ်နှင့် ဧပြီလအတွက် ၄၄၀ ကျပ်အထိ စျေးတက်လာကြောင်း လျှပ်စစ်သုံးစွဲသူများထံမှ သိရသည်။

“ထားဝယ်ခရိုင် လျှပ်စစ်မီတာဈေးက အာဏာသိမ်းပြီးကတည်းက မငြိမ်ဘူး။ အခု ၄လပိုင်းအတွက် တစ်ယူနစ် ၄၄၀ က အမြင့်ဆုံးပဲ။ အဲဒီမတိုင်ခင် မနှစ်က ၄၃၆ ကျပ်အထိ တစ်ခါပေး (ဝယ်) သုံးဖူးတယ်” ဟု ထားဝယ်ခရိုင် ရေဖြူမြို့နယ်က လျှပ်စစ်မီးသုံးစွဲသူတစ်ဦးက ပြောသည်။

ယင်းအပြင် ဖေဖော်ဝါရီလလယ်ခန့်ကစ၍ ထားဝယ်ခရိုင်တွင် လျှပ်စစ်မီးပုံမှန် မရရှိသည့် အခက်အခဲကို ဒေသခံများ ကြုံနေ ရပြီး ကုမ္ပဏီဘက်ကမူ မီးစက်များ ချို့ယွင်းနေ၍ ပြု‌ပြင်နေရခြင်းကြောင့် မီးပုံမှန်မရရှိဘဲ အလှည့်ကျပေးနေရကြောင်း ပြန်ဖြေရှင်းထားသည်။

မြိတ်မြို့နယ်တွင်လည်း လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ဖေဖော်ဝါရီလအတွက် ၁၁၅၀ ကျပ် ၊ မတ်လအတွက် ၁၁၈ဝ ကျပ် နှင့် ဧပြီလအတွက် ၁၂၃ဝ ကျပ်အထိ ဝယ်ယူသုံးစွဲနေရကြောင်း မြိတ်မြို့ခံများက ဆိုသည်။

“မီတာခတွေ ဈေးတက်လာတော့ မီတာခ မတက်အောင် လျှပ်စစ်နဲ့သုံးရတဲ့ပစ္စည်းတွေ လျှော့သုံးလိုက်ရတယ်” ဟု မြိတ်မြို့က စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

Petro & Trans ကုမ္ပဏီသည် ထားဝယ်တွင် တစ်ယူနစ်လျှင် ၂၃၈ နှုန်းဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် စက်တင်ဘာလတွင် တင်ဒါအောင်စျေးနှုန်းကို ကျော်လွန် ကောက်ခံခဲ့သည်။

မြိတ်တွင်လည်း တစ်ယူနစ်လျှင် ၂၉၂ ကျပ်နှုန်းဖြင့် တင်ဒါအောင်ထားခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလတွင် ယင်းစျေးနှုန်းကို ကျော်လွန် ကောက်ခံခဲ့သည်။ ကုမ္ပဏီဘက်ကမူ ဒီဇယ်လောင်စာဆီ စျေးနှုန်းအပေါ် မူတည်တာ ကောက်ခံရခြင်းဖြစ်ကြောင်း ပြောဆိုဖူးသည်။ လက်ရှိကာလတွင် တင်ဒါအောင်စျေးနှုန်းထက် လေးဆကျော် မြင့်တက်သွားပြီဖြစ်သည်။

တနင်္သာရီတိုင်း၏ လျှပ်စစ်မီတာခ အမြင့်ဆုံးဖြစ်သည့် ကော့သောင်းမြို့တွင်လည်း အစိုးရမီတာ တစ်ယူနစ်ဈေး ၁၃ဝဝ ကျပ် နှင့် ဖိုးသီးချို ပုဂ္ဂလိက မီတာ တစ်ယူနစ်ဈေး ၁၈၀ဝ ကျပ်ဖြင့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကစ၍ ဝယ်ယူသုံးစွဲနေရကြောင်း ကော့သောင်းဒေသခံများထံက သိရသည်။

Petro & Trans ကုမ္ပဏီ၏ ထားဝယ်ခရိုင်နှင့် မြိတ်မြို့နယ်တို့တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်း သ‌ဘောတူစာချုပ် သက်တမ်း ၄ နှစ်ကုန်ဆုံးသွား၍ ယခုနှစ် မတ်လတွင် စစ်ကောင်စီနှင့် ပြန်လည်စာချုပ် ချုပ်ဆိုခဲ့သည်။ သို့သော် မီတာခ စျေးနှုန်း မည်မျှဖြင့် ချုပ်ဆိုခဲ့သည်ကိုမူ ပြည်သူများကို အသိပေးခြင်း မရှိသေးပေ။