BREAKING
January 19, 2025

ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျနေချိန် မြန်မာများ ထိုင်းတွင် ကွန်ဒိုဝယ်ယူမှု ဒုတိယအများဆုံးဖြစ်လာ

May 29, 2024

ယခုနှစ် (၂၀၂၄ ခုနှစ်) ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူမှုစာရင်း၌ မြန်မာနိုင်ငံက ဒုတိယနေရာတွင်ရှိနေကြောင်း ထိုင်းအိမ်ခြံမြေအချက်အလက်စင်တာ (REIC) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ထိုင်းသတင်းဌာနများက ရေးသားထားကြသည်။

မြန်မာကျပ်ငွေတန်ဖိုးမှာ ဆက်တိုက်ကျဆင်းနေပြီး နာရီနှင့်အမျှ စျေးပြောင်းနေကာ ယနေ့ပေါက်စျေးမှာ တစ်ဘတ်လျှင် ၁၂၂ ကျပ်ခန့်ဖြစ်နေခြင်းကြောင့် ကျပ်မှဘတ်သို့ လဲလှယ်ရခက်ခဲလာနေသည်။

ယင်းအခြေအနေတွင် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံတွင် ဝယ်ယူခဲ့သော ကွန်ဒိုပေါင်း ၃၈၀ ကျော်အထိရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ်က ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ ကွန်ဒိုအခန်းပေါင်း ၅၆၀ ကျော်ဝယ်ယူခဲ့ပြီး နိုင်ငံခြားသားဝယ်ယူမှု အများဆုံးစာရင်းတွင် စတုတ္ထနေရာရရှိခဲ့သည်။ ၂၀၂၂ ခုနှစ်တွင်မူ နံပါတ် ၆ နေရာတွင် ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ထိပ်ဆုံး ၁၀ နိုင်ငံစာရင်း ဝင်လာခဲ့သည်။

ထို့ကြောင့် ယခု ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံသားများ ကွန်ဒိုဝယ်ယူမှုက ပြီခဲ့သောနှစ်ဝယ်ယူမှုထက် အရေအတွက် တစ်ဝက်ကျော်လာကာ ဒုတိယနေရာအထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများသည် ဘန်ကောက်မြို့တွင် ကွန်ဒိုဝယ်ယူမှု အများဆုံးဖြစ်ခဲ့ကြောင်း ထိုင်းအိမ်ခြံမြေအချက်အလက်စင်တာ (REIC) က ထုတ်ပြန်ထားသည်။

ကျန်သော ဘန်ကောက်မြို့အနီးက စမွတ်ပရကန်၊ ပတ္တယားကမ်းခြေရှိသော ချွန်ဘူရီ၊ ထိုင်းမြောက်ပိုင်းက ချင်းမိုင်မြို့နှင့် နယ်စပ်က တာခ့်ခရိုင်များတွင်လည်း မြန်မာနိုင်ငံသားများ ကွန်ဒိုဝယ်ယူမှုများ ရှိခဲ့သည်။

ပျမ်းမျှအားဖြင့် မြန်မာနိုင်ငံသားများသည် ဘတ် ၆ သန်း တန်ဖိုးရှိသော ကွန်ဒိုများကို ဝယ်ယူလေ့ရှိကြောင်း ပြီးခဲ့သောနှစ် စာရင်းများအရ သိရသည်။

အာဏာသိမ်းခံရသော ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံသားများ ကွန်ဒိုဝယ်ယူမှု ၃၀ ခန့်သာရှိရာမှ ယခုနှစ် ပထမသုံးလပတ်တွင်ပင် ၃၈၀ ကျော်အထိ ဆက်တိုက် မြင့်တက်လာခဲ့ပြီး ရုရှားကိုကျော်ကာ နံပါတ်နှစ်နေရာအထိ ဖြစ်လာခဲ့သည်။

ပြည်တွင်း မငြိမ်မသက်မှုများကြောင့် မြန်မာနိုင်ငံသားအများစုက လုံခြုံသော ထိုင်းနိုင်ငံတွင် နေထိုင်ရေးအတွက် ဘန်ကောက်မြို့တွင် ဦးစားပေးဝယ်ယူမှုများလာကြကြောင်း REIC ဒါရိုက်တာက ကောက်ချက်ချထားသည်။

တရုတ်နှင့် ရုရှားနိုင်ငံများအပါအဝင် အခြားနိုင်ငံများကမူ ထိုင်းနိုင်ငံ အရှေ့ပိုင်း စီးပွားရေးစင်္ကြံ (EEC) အတွင်း ကျရောက်နေသော ချွန်ဘူရီခရိုင်တွင် ကွန်ဒိုဝယ်ယူမှု ပိုများလာနေခဲ့ကြောင်း အချက်အလက်များအရသိရသည်။

ပြီးခဲ့သောနှစ်က ချွန်ဘူရီခရိုင်တွင် နိုင်ငံခြားသားများသည် ကွန်ဒို ၆၀၀၀ နီးပါးအထိ ဝယ်ယူခဲ့ပြီး တစ်နိုင်ငံလုံး ကွန်ဒိုဝယ်ယူမှု၏ ၄၁ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့သည်။

ထိုင်းနိုင်ငံ အရှေ့ပိုင်း စီးပွားရေးစင်္ကြံ (EEC) တွင် ချွန်ဘူရီ၊ ရယောင်နှင့် ချာချင်ဆောင်ခရိုင်များပါဝင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဒစ်ဂျစ်တယ်နည်းပညာလုပ်ငန်းများ၊ လျှပ်စစ်ယာဉ်များ၊ ဇီဝအစိမ်းရောင်စီးပွားရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုစသည့် စက်မှုလုပ်ငန်းကြီးငါးခုကို အဓိကအလေးထားကြောင်း REIC ဒါရိုက်တာက ပြောကြားထားသည်။

ယင်းစက်မှုလုပ်ငန်းများက နိုင်ငံခြားသားများကို ဆွဲဆောင်မှုမြင့်တက်လာခဲ့ပြီး ကွန်ဒိုဝယ်ယူမှုများ ပိုများလာသကဲ့သို့ ကွန်ဒိုဆောက်လုပ်မှုများလည်း ပိုများလာခဲ့ကြောင်း ၎င်းက ဆိုသည်။

Ref: Bangkok Post, Khoasod English, The Nation Thailand