BREAKING
September 19, 2024

ကျုံအိတ်တံတားနေရာ ဘေလီတံတားထိုးပြီးစီး၊ ကားများ ဖြတ်သန်းခွင့်ပြု

May 29, 2024

ပုံစာ - ကျုံအိတ်တံတားနေရာ ကားများ ဖြတ်သန်းသွားလာနေသည်ကို ‌မေလ ၂၉ ‌ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - ကားသမားတစ်ဦး။

မွန်ပြည်နယ်၊ ဘီးလင်းနှင့် သထုံကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် မိုင်းခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတား နေရာတွင် ဘေလီတံတားထိုးပြီး ယနေ့ မေလ၂၉ ရက်မှစကာ ကားများကို ဖြတ်သန်းခွင့်ပြုနေကြောင်း ကားမောင်းသူတို့ထံမှ သိရသည်။

ဘေလီတံတားပေါ်မှ ကားကြီး၊ ကားငယ်များကို အလှည့်ကျဖြင့် ဖြတ်သန်းခွင့်ပြုနေပြီး ကားရာနှင့်ချီ တန်းစီစောင့်ဆိုင်း နေသည့်အတွက် အချိန်ပေးရကြောင်း အချိန်ပေးရသည်ဟု ကားမောင်းသူတို့က ဆိုသည်။

“ကုန်ကားတွေရော အကုန်လုံး ဖြတ်လို့ရနေပြီ။ ဒါပေမဲ့ အလှည့်ကျနဲ့ ဖြတ်ရတော့ အချိန်ပေးရတယ်။ နောက်ပြီးတော့ စောင့်နေတဲ့ ကားတန်းကလည်း ရှိနေတော့ စောင့်ရတယ်။ ဘယ်လိုဖြစ်ဖြစ် ဖြတ်လို့ရနေပြီးဆိုတော့ ညအိပ်စောင့်စရာတော့ မလိုတော့ဘူး” ဟု ကားမောင်းသူတစ်ဦးက ပြောသည်။

ကျုံအိတ်တံတားသည် မေလ ၁၁ ရက်နေ့ နံနက်စောပိုင်းက မိုင်းခွဲခံရပြီး တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့သည်။

တံတားပြိုကျပျက်စီးသွားပြီးနောက် ကားများ ကျေးရွာချင်းဆက်လမ်းမှတစ်ဆင့် ဖြတ်သန်းသွားလာခဲ့ကြသည့်အပြင် တံတား အနီးတွင် မြေသားလမ်းဖော်ပြီး ဖြတ်သန်းသွားလာကြရသည်။ လမ်းကျဉ်းခြင်း၊ အလှည့်ကျ ဖြတ်သန်းခွင့် ပြုခြင်းတို့ကြောင့် ကားများ ပိတ်မိခြင်း၊ တန်းစီးစောင့်ဆိုင်းသွားရခြင်းတို့ကြောင် အခက်အခဲများရှိခဲ့သည်။

ကျုံအိတ်တံတားကို စစ်ကောင်စီက မေလ ၂၃ ရက် နေလယ်ပိုင်းကစပြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း တံတားပြင်ဆင်သည့်လုပ်ငန်းခွင် တိုက်ခိုက်ခံရမှုရှိနေသည့်အတွက် တံတားပြင်ရန် နှောင့်နှေးမှုရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကျုံအိတ်တံတားသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း တစ်ကြိမ် မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး ဘေလီတံတားထိုး ပြန်ပြင်ထားခဲ့ရာမှ ယခု ဒုတိယအကြိမ် ထပ်မံမိုင်းခွဲဖျက်ဆီးခံရခြင်းဖြစ်သည်။

အလားတူ ဘီးလင်းတွင် မိုင်းခွဲခံထားရသည့် မစောတံတားကိုလည်း မေလ ၂၈ ရက် ညနေပိုင်းတွင် ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။