BREAKING
January 19, 2025

လိင်စိတ်ခံယူမှုကွဲပြားသူများ ကျင်းပသည့်ပွဲတွင် ထားဝယ်တစ်ဦးနှင့် လိင်တူချစ်သူတို့ မင်္ဂလာဆောင်

May 29, 2024

ထိုင်းနိုင်ငံ၌ လိင်စိတ်ခံယူမှုကွဲပြားသူများ ကျင်းပသည့်ပွဲတွင် ထားဝယ်ဒေသခံတစ်ဦးနှင့် ၎င်း၏ လိင်တူချစ်သူတို့ မင်္ဂလာဆောင်ပွဲကျင်းပသည်။

ချင်းမိုင်မြို့တွင် မေလ ၂၆ ရက်က ကျင်းပသည့် Chiang Mai Pride 2024 ပွဲတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထိုပွဲကို ချင်းမိုင်မြို့တွင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပြီး နိုင်ငံတကာက လိင်စိတ်ခံယူမူကွဲပြားသူများ မင်္ဂလာဆောင်လေ့ရှိသည်။

ယခုနှစ်တွင်ကျင်းပသည့် ပွဲတွင်မူ လိင်စိတ်ခံယူမူကွဲပြားသူ စုံတွဲ သုံးတွဲ မင်္ဂလာဆောင်ခဲ့ပြီး ယင်းအထဲတွင် “ဉာဏ်နှင့် မယ်” မြန်မာစုံတွဲတစ်တွဲလည်း ပါဝင်သည်။

ဉာဏ်နှင့် မယ်စုံတွဲတွင် မယ်မှာ ထားဝယ်ဒေသခံဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအခြေအနေအရ ထိုင်းနိုင်ငံသို့ ရောက်ရှိသွားသူဖြစ်သည်။

ဉာဏ်နှင့် မယ်မှာ သုတေသနလုပ်ငန်းနယ်ပယ်တွင် တွေ့ဆုံခဲ့ပြီးနောက် ချစ်သူသက်တမ်း တစ်နှစ်ကျော်အကြာတွင် မင်္ဂလာဆောင်နိုင်ခဲ့ခြင်းကြောင်း မယ်က ပြောသည်။

“ဒီမှာ (Chiang Mai Pride 2024 ပွဲတွင်) မင်္ဂလာပွဲလုပ်ဖြစ်တဲ့ အကြောင်းအရင်းကတော့ မနှစ်ကလုပ်တဲ့ Pride ပွဲကို လာကြည့်ရင်း အဲဒီမှာ မင်္ဂလာစုံတွဲကနေ ပစ်လိုက်တဲ့ ပန်းစည်းကို ကျွန်မတို့ ရလိုက်တယ်။ အဲဒီကတည်းက ဒီပွဲမှာ မင်္ဂလာ ဆောင်ခွင့်ရဖို့ မျှော်လင့်ခဲ့ကြတာ” ဟု မယ်က ဆိုသည်။

လိင်စိတ်ခံယူမှုကွဲပြားသူများကို ဥပဒေအရ တရားဝင်အသိအမှတ်ပြုရန် ကြိုးစားနေသည့် ထိုင်းနိုင်ငံရှိ နိုင်ငံတကာ လိင်စိတ်ခံယူမူကွဲပြားသူ အများအပြားတက်ရောက်သည့်ပွဲတွင် မင်္ဂလာဆောင်ခွင့်ရသဖြင့် တရားဝင်မှုကို ရရှိသည်ဟု ခံစားရကြောင်း မယ်က ပြောဆိုသည်။

ထိုင်းနိုင်ငံသည့် လိင်စိတ်ခံယူမှုကွဲပြားသူများကို တရား ဝင်ထိမ်းမြှားလက်ထပ်နိုင်ရေး ဥပဒေပြဋ္ဌာန်းရန်ကြိုးစားနေပြီး လက်ရှိတွင် အောက်လွှတ်တော်က အတည်ပြုထားပြီးဖြစ်သည်။

မြန်မာလူမူအသိုင်းအဝိုင်းတွင်မူ လိင်စိတ်ခံယူမှုကွဲပြားသူများကို ခွဲခြားဆက်ဆံမှုများ ရှိနေဆဲဖြစ်ကြောင်း ဒေသတွင်း စစ်‌အာဏာရှင် ဆန့်ကျင်‌ရေး သပိတ်တိုက်ပွဲ ဖော်ဆောင်နေသည့် Dawei LGBT Community အဖွဲ့ ဦးဆောင်သူ ဆူနာမီက ပြောသည်။

“မြန်မာလူမှုအသိုင်းဝိုင်းမှာကတော့ LGBT တွေကို ခွဲခြားဆက်ဆံမှုတွေ ရှိနေ‌တုန်းပဲ” ဟု ၎င်းက ဆိုသည်။

သို့သော် လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကနှင့် နှိုင်းစာပါက LGBT များကို လူမှုအသိုင်းအဝိုင်းက အသိအမှတ်ပြုမှု တိုးတက်လာကြောင်း ဆူနာမီက ပြောဆိုသည်။

ချင်းမိုင်က လိင်စိတ်ခံယူမှုကွဲပြားသူများ ကျင်းပသည့် ပွဲတွင် မင်္ဂလာဆောင်ခဲ့သည့် ထားဝယ်ဒေသခံ မယ်ကလည်း လိင်တူချင်း လက်ထပ်သည့်အပေါ် ၎င်း၏ မိသားစုဝင်တို့က လက်ခံရန် ခက်ခဲသည့်အခြေအနေတွင်ရှိကြောင်း ဖွင့်ဟခဲ့သည်။

ချင်းမိုင်မြို့တွင် မေလ ၂၆ ရက်က ကျင်းပသည့် Chiang Mai Pride 2024 ပွဲတွင် ကနဦး မင်္ဂလာဆောင်ရန် စာရင်းပေးထားသူ LGBT စုံတွဲ ၁၀ တွဲ ရှိသော်လည်း သုံးတွဲသာ မင်္ဂလာဆောင်ဖြစ်ခဲ့ကြောင်း သိရသည်။