BREAKING
February 25, 2025

ထိုင်းနိုင်ငံ၏ ဗီဇာမူဝါဒများ ဇွန် ၁ ရက်နေ့မှစတင်ဖြေလျှော့၊ ထိုင်းတက္ကသိုလ်မှ ဘွဲ့ရပြီးပါက တစ်နှစ်နေခွင့်ရရှိ

May 29, 2024

ပုံစာ - သုဝဏ္ဏဘူမိလေဆိပ်က ခရီးသည်များ

ထိုင်းနိုင်ငံတွင် တက္ကသိုလ်ကျောင်းပြီးသူများအတွက် တစ်နှစ်နေထိုင်ခွင့်အပါအဝင် ဗီဇာမူဝါဒများကို လာမည့်ဇွန်လ ၁ ရက်နေ့မှစ၍ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာလိုက်သည်။

လျှော့ချပေးသည့် ဗီဇာမူဝါဒများတွင် ဗီဇာကင်းလွတ်ခွင့်နိုင်ငံများ (Visa-Free)၊ ဆိုက်ရောက်ဗီဇာများ (Visa-on-Arrival)၊ ရွေ့လျားအလုပ်လုပ်သူများအတွက် နေထိုင်ခွင့်ဗီဇာ (Destination Thailand Visa)၊ ကျောင်းပြီးသူများအတွက် တစ်နှစ်နေထိုင်ခွင့်ဗီဇာ၊ ရက်ရှည်နေထိုင်သူများအတွက်ဗီဇာ (Long-stay Visa) များအားလုံး အကျုံးဝင်မည်ဖြစ်သည်။

ဗီဇာဖြေလျှော့ပေးမည့်အစီအစဉ်ကို ထိုင်းအစိုးရက မေလ ၂၈ ရက်နေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်လာနိုင်သည့် နိုင်ငံများကိုလည်း ယခင် ၅၇ နိုင်ငံမှ ၉၃ နိုင်ငံအထိ တိုးမြှင့်ခဲ့သည်။

တိုးမြှင့်သည့်နိုင်ငံများတွင် တရုတ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ လာအို၊ သီရိလင်္ကာ စသော နိုင်ငံများစွာပါဝင်လာပြီး နေထိုင်ခွင့်ကိုလည်း ၆၀ ရက်အထိ တိုးမြှင့်ပေးမည်ဖြစ်သည်။

ဆိုက်ရောက်ဗီဇာအနေဖြင့်လည်း ယခင် ၁၉ နိုင်ငံကိုသာ ခွင့်ပြုထားရာမှ ၃၁ နိုင်ငံအထိ တိုးမြှင့်လက်ခံမည်ဖြစ်သည်။

ယင်းအပြင် ရွှေ့လျားအလုပ်လုပ်သူများ (work from home လုပ်သူများ)၊ ဒစ်ဂျစ်တယ်လုပ်ငန်းလုပ်သူများ၊ ကိုယ်ပိုင်စီးပွားရေးသမားများ၊ မွေထိုင်းနှင့် ထိုင်းအစားအစာ၊ အနုပညာနှင့် အားကစား စိတ်ပါဝင်စားသော ပညာရှင်များအတွက် ရည်ရွယ်ပြီး နေထိုင်ခွင့်ဗီဇာ Destination Thailand Visa (DTV) ကို အသစ်ထပ်မံရေးဆွဲလိုက်သည်။

ယင်းဗီဇာသမားများသည် ဗီဇာကြေး ၁၀၀၀၀ ဘတ်ဖြင့် နေထိုင်ခွင့် ၁၈၀ ရက် (၆ လ)ရရှိမည်ဖြစ်ပြီး ၅ နှစ်အထိ ဆက်တိုက်သက်တမ်းတိုး နေထိုင်ခွင့်ရရှိမည်ဖြစ်သည်။ နေထိုင်နေသည့်ကာလတစ်လျှောက် ဘတ် ၅ သိန်းပိုင်ဆိုင်ထားကြောင်း ပြသနိုင်ရမည်ဖြစ်ပြီး အခြားကန့်သတ်ချက်များလည်း ရှိနိုင်သည်။

နောက်ထပ်ထူးခြားချက်မှာ ထိုင်းနိုင်ငံတွင် တက္ကသိုလ်တက်ပြီး ကျောင်းပြီးသူများအတွက် မိမိနိုင်ငံ တန်းပြန်စရာမလိုဘဲ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ၁ နှစ်ထပ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းကာလအတွင်း ဘွဲ့ရသူများကို ထိုင်းနိုင်ငံတဝန်း အလုပ်ရှာခွင့်၊ ခရီးသွားခွင့်၊ အခြားလှုပ်ရှားမှုများ လုပ်ဆောင်ခွင့်ရရှိမည်ဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံထဲ ကျောင်းတက်နေသော နိုင်ငံခြားသား ၄၀၀၀၀ ခန့်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

ယင်းဗီဇာမူဝါဒများအားလုံးသည် လာမည့်ဇွန်လ ၁ ရက်နေ့တွင် အသက်ဝင်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့က ကြေညာထားသည်။

ထို့အပြင် ရက်ရှည်ဗီဇာများဖြင့် နေထိုင်သော အသက် ၅၀ နှစ်အထက် လူကြီးများအတွက်လည်း ယခင် ကျန်းမာရေးအာမခံ ဘတ် ၃ သန်းဝယ်ယူထားရန်လိုအပ်သည်မှ ဘတ် ၄၄၀,၀၀၀ အထိ လျှော့ချပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

ယင်းလျှော့ချမှုသည် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ရက်ရှည်ဗီဇာလျှောက်ထားသူများ အကြုံးဝင်မည်ဖြစ်ကြောင်း အစိုးရက ကြေညာထားသည်။

Ref: Bangkok Post, Khaosod English