BREAKING
November 16, 2024

ထားဝယ်တွင် လူငယ်တစ်ဆယ်ကျော်အဖမ်းခံရ

May 29, 2021

နေ့စဉ်ရက်ဆက်မပျက် ဆန္ဒပြနေသော ထားဝယ်တွင် မေလ ၂၉ ရက်ညနေပိုင်းတွင် လူငယ်တစ်ဆယ်ကျော်အဖမ်းခံလိုက်ရကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက် Mickey စားသောက်ဆိုင်တွင် လူငယ်ဆယ်ဦးခန့် အဖမ်းခံလိုက်ရသည်ဟု ထားဝယ်ရိုင် သပိတ်ကော်မတီက ထုတ်ပြန်ထားသည်။

“ဆိုင်မှာ အဖမ်းခံရတာ ဆယ်ယောက်၊ လက်ရှိစာရင်းရတာတော့ ကိုးယောက်ပဲ ရသေးတယ်၊ စားသောက်ဆိုင်ထဲမှာ တစ်ခုခုစား‌နေတုန်း ဝင်လာဖမ်းတာဆိုပြောတယ်”ဟု ထားဝယ်မြို့ခံ တစ်ဦးက ဆိုသည်။

ယင်းအပြင် ကျောက်မော်ရပ်ကွက်ရှိ နေအိမ် တစ်အိမ်ကို တပ်ကောင်စီ၏တပ်ဖွဲ့ဝင်များက ဝင်စီးရာ ငါးဦးခန့် အဖမ်းခံလိုက်ရသည်ဟု မျက်မြင်တွေ့ရှိသူ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“(အဖမ်းခံရသူတွေက) သူတို့က အနောက်မှာ မုန့်စားနေတုန်း (အဖမ်းခံလိုက်ရတယ်)” ဟု ၎င်းက ဆိုသည်။

တပ်ကောင်စီ၏တပ်ဖွဲ့ဝင်များသည် သတင်းအတိအကျဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အရပ်ဝတ်ဖြင့် သေနတ်ကိုင်ကာ ဝင်လာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဖမ်းခံထားရသည့် လူငယ် ၁၀ ဦးကျော်တွင် ၁၂ ဦးကို အမည်စာရင်းနှင်တကွ အတည်ပြုထားနိုင်ပြီး စားသောက်ဆိုင်တွင် အဖမ်းခံရသူ ဆယ်ဦးမှာ တက္ကသိုလ်ကျောင်းသူ/ကျောင်းသားများ အများဆုံးပါဝင်သည်ဟု ထားဝယ်ခရိုင်သပိတ်ကော်မတီက အတည်ပြု ထုတ်ပြန်ထားသည်။