ထိုင်း-မြန်မာနယ်စပ်လမ်းရှိ သိန်ခွန်းကျေးရွာအနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ ရေဆင်းချိုးချိန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ဧပြီလ ၂၈ ရက် ညနေ ၅နာရီခန့်တွင် သိန်ခွန်းရွာနှင့်ချောင်းလမုရွာကြားရှိ ရော်ဘာခြံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဗိုလ်အဆင့်ရှိသူအပါအဝင် တပ်သား ၅ ဦး ဥယျာဉ်ခြံအတွင်းရှိ ချောင်းအတွင်းရေဆင်းချိုးချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
”သူတို့ ရေလာချိုးမယ့်နေရာကိုစောင့်ပြီး သွားချောင်းပစ်တယ်။ အစ ပစ်ပစ်ချင်းမှာပဲ ဗိုလ်အပါအဝင် နှစ်ယောက်လဲကျသွားတယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။
ရေလာချိုးလာသည့် စစ်ကောင်စီတပ်သားများအနက် ရှေ့ဆုံးကလာသည့် နှစ်ဦးမှာသာ လက်နက်ပါပြီး ကျန်သူများတွင် လက်နက်မပါလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးက ဆိုသည်။
ကျန်သည့်စစ်ကောင်စီတပ်သားများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အပြင် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။
”စပြီးပစ်တာနဲ့ သူတို့အနောက်ကနေ ဒရုန်းတွေရော၊လက်နက်ကြီးတွေပါ ထုကြတယ်။ ကျွန်တော်တို့ဘက်က အကုန်ဘေးကင်းစွာနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” ဟုအထက်ပါ တပ်ဖွဲ့ဝင်က ဆိုသည်။
ဧပြီလ ၂၆ ရက်နေ့ကလည်း သိန်ခွန်းရွာနှင့်အနီးအနားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများထံ ရိက္ခာများနှင့်လက်နက်အင်အား လာရောက်ဖြည့်တင်းခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီတပ်က အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးလာသဖြင့် သိန်ခွန်းကျေးရွာနှင့်အနီးအနားကျေးရွာများတွင် ငါးလနီးပါးကြာသည်အထိ တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထိုကြောင့် အဆိုပါ ကျေးရွာများတွင်နေထိုင်သည့်ပြည်သူများ စစ်ဘေးရှောင် နေရသည်မှာ ငါးလနီးပါးရှိလာပြီး ဆေးဝါးပြတ်လပ်မှု ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။