BREAKING
April 29, 2025

သရက်ချောင်း လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သားနှစ်ဦးသေဆုံး

April 29, 2025

သရက်ချောင်းမြို့နယ် ကျောက်ခမောက်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သားနှစ်ဦး သေဆုံးကြောင်း ဒေသခံများထံက သိရသည်။

ယနေ့(ဧပြီ ၂၉) မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်တွင် ကျောက်ခမောက်ရွာ အဝင်ဆိုင်းဘုတ်အနီးနှင့် ကျွဲမင်းကုန်းရွာနှင့်ရငဲရွာလမ်းဆုံ၊ ချောက်ချောင်းရွာများကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ကျောက်ခမောက်ရွာ အဝင်ဆိုင်းဘုတ်အနီးက ကွတ်တီယိုဆိုင် ဖွင့်ထားသည့်နေအိမ်အနီး ဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းကြောင့် စျေးရောင်းနေသည့် အသက် ၄၇ နှစ်ခန့်ရှိ မမီးကမ်းနှင့် စျေးလာဝယ်သည့် အသက် ၄၀ ကျော်အရွယ် ကတွဲရွာသား ကိုအောင်စိုးသန့်ဦး(ခ)အောင်အောင်တို့ သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

“အောင်အောင်သေတယ်တဲ့ အသက်ကတော့ လေးဆယ်ကျော်လောက်ရှိမယ်၊ မမီးကမ်းကတော့ ဆေးရုံကိုယူသွားပြီးမှသေတာလို့ပြောတယ်” ဟု ယင်းကျေးရွာအနီးက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွင် မမီးကမ်းနှင့် ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူတို့ ဒဏ်ရာရခဲ့ပြီး မမီးကမ်းမှာ ဦးခေါင်းတွင် ဗုံးစထိမှန်သည့်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုတွင် ဒဏ်ရာရသူအချို့ရှိသည်ဟု ပြောဆိုမှုများရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဧပြီလ ၁၉ ရက်ကလည်း ရငဲရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် အသက် ၇ နှစ်အရွယ် ယောက်ျားကလေးတစ်ဦးနှင့် အသက် ၅၀ ကျော်အရွယ်အဖိုးဖြစ်သူတို့ သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်။

သရက်ချောင်းမြို့နှင့် ပလောက်ကြားတွင် တစ်ခုတည်းကျန်ရှိနေသည့် ဝင်းဝနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဧပြီလ ၁၉ ရက်၊ ၂၁၊ ၂၅၊ ၂၉ ရက်တွင် စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ်အောက်ဘက်ပိုင်းက ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေသည်။