ထားဝယ်မြို့မှ မြိတ်မြို့ဘက်သို့သွားသည့် လမ်းပေါ်ရှိ ပေါက်တိုင်းတံတား မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွင် ယနေ့ ဧပြီလ ၂၉ ရက်က ခရီးသွားများကို စစ်ဆေးပြီးနောက် မှတ်တမ်းဓာတ်ပုံများ ရိုက်ယူနေသည်ဟု ကိုယ်တိုင်ကြုံရသည့် ခရီးသွားများထံမှသိရသည်။
ယခင်က ဂိတ်ဖြတ်သန်းရာတွင် ဆိုင်ကယ်၊ ကားဖြင့် လာသူများကို လမ်းဆင်းလျှောက်၍ မှတ်ပုံတင်စစ်ဆေးခံရခြင်းမျိုးသာရှိပြီး ယနေ့တွင်မူ မှတ်တမ်းဓာတ်ပုံရိုက်ယူသည်မျိုး လုပ်လာကြောင်း ၎င်းတို့ကဆိုသည်။
“ကားပေါ်မှာ ပါတဲ့သူတွေ မှတ်ပုံတင်စစ်ပြီးတာနဲ့ စစ်တပ်က ဗိုလ်ကြီးဆိုတဲ့တစ်ယောက်က တန်းစီပြီး မှတ်တမ်းဓာတ်ပုံရိုက်ယူတယ်။ အရင်က ဓာတ်ပုံရိုက်ခံရတာမျိုး မကြုံရဖူးဘူး။ ဂိတ်မှာ အရာရှိအပြောင်းအလဲ ဖြစ်နေတယ်။ အစက ရဲ ကကြီးကြပ်တယ်။ အခုက စစ်တပ်ဘက်က တစ်ယောက် ကြီးကြပ်နေတယ် “ ဟု ကိုယ်တိုင်ကြုံရသည့် ခရီးသွားတစ်ဦးကပြောသည် ။
နေ့စဥ်ပုံမှန် ဂိတ်ဖြတ်သန်းသွားလာနေသည့် ကျောက်ရပ်ကျေးရွာအုပ်စုမှ ရွာသားများကိုမူ ယင်းကဲ့သို့ မှတ်တမ်း ဓာတ်ပုံရိုက်ယူခြင်းမရှိဘဲ စျေးကားများ၊ ခရီးသည်ကားများဖြင့် သွားလာသူများကို စစ်ကောင်စီဂိတ်က မှတ်တမ်းဓာတ်ပုံယူနေခြင်းဖြစ်ကြောင်း ဂိတ်အနီးရှိ ကျောက်ရပ်ရွာသားများထံမှ သိရသည်။
သရက်ချောင်းမြို့နယ်၊ ဝင်းဝကျေးရွာအုပ်စုအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုများအကြား စစ်ရေးတင်းမာနေသဖြင့် သရက်ချောင်းဘက်သို့ သွားသည့် မြို့အဝင်ဂိတ်တွင် ကားဖြင့် ခရီးသွားသူများကို ဓာတ်ပုံ မှတ်တမ်းယူခြင်းဖြစ်နိုင်ကြောင်း ခရီးသွားများက သုံးသပ်ပြောဆိုကြသည်။
ယင်းအပြင် သင်္ကြန်ကာလ မတိုင်မီကလည်း ပေါက်တိုင်းတံတားဂိတ်တွင် လုံခြုံရေးကင်မရာ(CCTV)များ တိုးချဲ့တပ်ဆင်ထားကြောင်း ဂိတ်အားနေ့စဥ်ဖြတ်သန်း သွားလာနေသူတစ်ဦးက ပြောသည် ။
“အစ ဂိတ်မရောက်ခင်မှာ CCTV ကင်မရာအကြီးတစ်လုံးတပ်ထားတယ် ။ သင်္ကြန်မတိုင်ခင်မှာ ဆိုင်ကယ်ဆင်းတွန်းရတဲ့နေရာမှာ နောက်ထပ် ကင်မရာ အငယ် သုံးလုံးထပ်တပ်ထားတယ် “ဟု ၎င်းကပြောပြသည် ။
ယခုနှစ်ဆန်းပိုင်းမှစ၍ သရက်ချောင်းဘက်သို့ သွားသည့် စျေးကားများ ၊ ခရီးသည်ကားများတွင် ဆန်ဆီ၊ စားသောက်ကုန်အပြင် ဘိလပ်မြေစသည့် အိမ်ဆောက်ပစ္စည်းများကို သယ်ဆောင်ခွင့်မပေးတော့ဘဲ သယ်ဆောင်လာပါက ပေါက်တိုင်းတံတား ဂိတ်မှသိမ်းဆည်းကြောင်း ကားသမားများနှင့် ဂိတ်အနီးရှိ ကျောက်ရပ်ရွာသားများထံမှသိရသည်။
ထားဝယ်အရှေ့တောဘက် နှင့် လောင်းလုံးမြို့နယ်ဘက်မှ ထားဝယ်မြို့သို့ဝင်သည့် ဗျောတောဝဂိတ် နှင့် ကမြောကင်းတံတားဂိတ်တို့တွင်လည်း ဖြတ်သန်းသွားလာသူအချို့၏ မှတ်ပုံတင်များကို Tablet ဖြင့် အချက်အလက် စစ်ဆေးသည့် PMSM စနစ်ဖြင့် မတ်လကတည်းက စတင်စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံရသူများကပြောပြသည်။