BREAKING
April 29, 2025

သရက်ချောင်းမြို့နယ် ကျေးရွာအချို့ကို လေယာဉ်ဖြင့်ဗုံးကြဲ၊ အရပ်သား သေဆုံးမှုများရှိ

April 29, 2025

သရက်ချောင်းမြို့နယ် ကျောက်ခမောက်ရွာအပါအဝင် ကျေးရွာအချို့ကို စစ်တပ်က ယနေ့(ဧပြီ ၂၉) နေ့လယ်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသခံအချို့က ပြောသည်။

၁၂ နာရီ ၅၀ မိနစ်တွင် ကျောက်ခမောက်ရွာအဝင်ဆိုင်းဘုတ်အနီးရှိ ကွတ်တီယိုရောင်းနေသည့် နေအိမ်အနီး ဗုံးတစ်လုံးကျရောက်ပေါက်ကွဲသဖြင့် လူလတ်ပိုင်းအမျိုးသားတစ်ဦး သေဆုံးပြီး အသက် ၄၇ နှစ်ခန့်ရှိ မမီးကမ်းနှင့် ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူတို့ ဒဏ်ရာရထားကြောင်း ကနဦးမေးမြန်းချက်အရ သိရသည်။

မမီးကမ်းတို့သားအမိမှာ ကွတ်တီယိုရောင်းသည့်ဆိုင်ကဖြစ်ပြီး လူလတ်အမျိုးသားမှာ အခြားရွာကဟု ဒေသခံအချို့က ပြောသည်။

“ဗုံးတစ်လုံးကြဲတယ်၊ စက်လက်နက်နဲ့ ဆက်တိုက်ပစ်တယ်၊ လူထိခိုက်မှုရှိတယ်၊ အခြေအနေမကောင်းဘူးတဲ့ ကျွန်မတို့ရွာမှာ ဘာတိုက်ပွဲမှ မရှိဘူး” ဟု ကျောက်ခမောက်ရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ကျောက်ခမောက်ကျေးရွာအပြင် ကျွဲမင်းကုန်းရွာနှင့်ရငဲရွာလမ်းဆုံ၊ ချောက်ချောင်းရွာကိုလည်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

လူထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရမှုအခြေအနေအသေးစိတ်ကို Dawei Watch ကဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီ၏ ဝင်းဝနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်-PDF များက ဧပြီလအစပိုင်းကတည်းက ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသည်။

ဧပြီလ ၁၈ ရက်တွင်နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့အထိ နှစ်ဖက်စစ်ရေးတင်းမာနေသည်။

ဝင်းဝနယ်မြေရဲစခန်းသည် သရက်ချောင်းမြို့အထွက် ဆင်ကူးရွာမှ ပလောက်အထိ ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ တစ်ခုတည်းကျန်နေသော စစ်ကောင်စီတပ်စခန်းဖြစ်သည်။

“တိုက်ပွဲမဖြစ်တာ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ၊ စစ်ကောင်စီက တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ ဘာမှမဆိုင်တဲ့နေရာတွေကိုပါ ဗုံးလိုက်ကြဲနေတာ” ဟု စစ်ဘေးရှောင်နေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဝင်းဝ၊ မင်းဒပ်၊ သဲချောင်းသားစသည့် ဝင်းဝစခန်းအနီးက ကျေးရွာများအပြင် တိုက်ပွဲဧရိယာအတွင်းမှာ မရှိသည့် ရငဲ၊ ကမြိုင်၊ ကျွဲခြံ၊ ဝင်းကဖော်၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ ချောက်ချောင်း စသည့်ကျေးရွာများကိုပါ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

ဧပြီလ ၁၉ ရက်တွင် တစ်ကြိမ်၊ ၂၁ ရက်နေ့လယ်တွင် တစ်ကြိမ်၊ ည ၁၀ နာရီခွဲတွင် တစ်ကြိမ်၊ ဧပြီ ၂၅ ရက် မနက် ၉ နာရီခွဲတွင် တစ်ကြိမ်၊ နေ့လယ် ၁၁ နာရီခွဲတွင် တစ်ကြိမ်၊ ယခု ဧပြီ ၂၉ ရက်တွင် တစ်ကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ဧပြီ ၁၉ ရက် ဗုံးကြဲတိုက်ခိုက်မှုတွင် ရငဲရွာက မြေးဖိုးနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။

ထိုင်း-မြန်မာ ထီးခီးနယ်စပ်စခန်းနှင့် ၆ မိုင်ခန့်အကွာက ထီးထဗျူဟာစခန်းကုန်းကို တော်လှန်ရေးတပ်များ ဧပြီလ ၁၂ ရက်တွင် တိုက်ခိုက်ပြီး ဧပြီလ ၁၉ ရက်တွင် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို ခပ်စိတ်စိတ်လုပ်ဆောင်လာခြင်းဖြစ်သည်။

နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထားဝယ်-မြိတ်ကားလမ်း ပိတ်နေသည်မှာ ၁၂ ရက်ရှိလာပြီး သရက်ချောင်းမြို့နယ်အောက်ဘက်က ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။