ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ အာစီနန်းတော်ဟု လူသိများသည့် မြန်မာကလပ်နှင့် စားသောက်ဆိုင်ကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးစစ်ဆေးခဲ့စဉ် မူးယစ်ဆေးဝါးနှင့် လက်နက်ပစ္စည်းများကို တွေ့ရှိခဲကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် စမွတ်စခွန်အုပ်ချုပ်ရေးမှူးနှင့်အတူ အလုပ်သမားဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာပေါင်းစုံက မြန်မာနိုင်ငံသားများ ငှားရမ်းထားသော စားသောက်ဆိုင်နေရာကို ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ဝင်ရောက်စစ်ဆေးခံရသော စားသောက်ဆိုင်နေရာသည် မြန်မာနိုင်ငံသားများကြား အာစီနန်းတော်ဟု လူသိများသော HAPPY BAR KTV & Club ဖြစ်ပြီး စည်သူပလပ်ကျွတ်နှင့် အခြားမြန်မာဟာသလူရွှင်တော်များ လာရောက် ဖျော်ဖြေလေ့ရှိသော မြန်မာဘားစားသောက်ဆိုင်ဖြစ်ကြောင်း ဆိုင်၏ Facebook စာမျက်နှာ၏ ကြေညာစာအရ သိရသည်။







ဆိုင်ထဲတွင် ကလပ်၊ ဘားအပြင် ကာရာအိုကေနှင့် စနူကာဘိလိယက်ခုံများလည်း ရှိနေပြီး မြန်မာနိုင်ငံသားများအတွက် သီးသန့်ရည်ရွယ်ဖွင့်လှစ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
ဆိုင်ထဲရှိ အခန်းတစ်ခန်းကို တစ်နာရီလျှင် ဘတ် ၂၅၀ နှုန်းဝန်ဆောင်မှု ရယူနိုင်ပြီး နှစ်နာရီ ဝန်ဆောင်မှု ယူပါက နောက်တစ်နာရီ အခမဲ့ အပိုဆောင်းပေးထားကြောင်း သတင်းတွင် ဖော်ပြသည်။
အာဏာပိုင်များ ဝင်စစ်ဆေးစဉ် မူးယစ်ဆေးဝါးနှင့် ကျည်ဆံများပါသော လက်နက်များကိုပါ တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
စားသောက်ဆိုင်နေရာကို မြန်မာနိုင်ငံသားတစ်ဦးက ငှားရမ်းထားပြီး အထဲတွင် မြန်မာနိုင်ငံသား ၁၅၀ ခန့်က နေထိုင်နေသည်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
စစ်ဆေးခံရသော မြန်မာနိုင်ငံသား ၁၅၀ ခန့်၏ နောက်ဆက်တွဲ အခြေအနေကို ဖော်ပြထားခြင်းမရှိသဖြင့် မသိရပေ။
လက်ရှိတွင် ဆိုင်သည် ခွင့်ပြုချက်မရှိပဲ ဖွင့်လှစ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး တရားမဝင် လောင်းကစားလုပ်မှု၊ လက်နက်ပိုင်ဆိုင်မှုများအပြင် ဆက်စပ် ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: Khaosod English, Mahachai News, စမွတ်စခွန် ပြန်ကြားရေးဌာန