BREAKING
April 29, 2025

အိန္ဒိယက မကြာမီ တိုက်ခိုက်လာနိုင်ဟု ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးပြော

April 29, 2025

အိမ်နီးချင်းအိန္ဒိယနိုင်ငံက မကြာမီ စစ်ရေးအရ ကျူးကျော်တိုက်ခိုက်လာနိုင်ခြေရှိကြောင်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးက တနင်္လာနေ့ ဧပြီလ ၂၈ရက်တွင် ပြောကြားလိုက်သည်။

ပြီးခဲ့သည့်သီတင်းပတ်က အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားနှင့် ဂျမူးဒေသတွင် ခရီးသွား ၂၆ ဦး သေဆုံးခဲ့ရသည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အဏုမြူလက်နက်ပိုင် နှစ်နိုင်ငံအကြား တင်းမာမှုမြင့်တက်နေချိန် ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေကို အင်အားထပ်ဖြည့်ထားပါတယ်။ လက်ရှိအချိန်မှာ အဲဒါက မကြာခင် ဖြစ်လာတော့မှာမလို့ပါ။ အဲဒီအခြေအနေအတွက် ဗျူဟာမြောက်ဆုံးဖြတ်ချက်တွေ ချမှတ်ထားဖို့ လိုအပ်ပါတယ်။ ဆုံးဖြတ်ချက်အချို့ ချမှတ် ထားပြီးပါပြီ” ဟု ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး မစ္စတာကာဝါဂျာမိုဟာမက်အဆစ်က ရိုက်တာသတင်းဌာနကို ပြောသည်။

ကက်ရှ်မီးယားအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အိန္ဒိယဘက်က ပြောဆိုမှုများမှာ ပိုမိုတင်းမာခက်ထန်လာနေပြီး မကြာမီ တိုက်ခိုက်မှုလုပ်လာနိုင်ခြေရှိကြောင်း ပါကစ္စတန်အစိုးရကို စစ်တပ်က အစီရင်ခံတင်ပြထားပြီးဖြစ်သည်ဟု မစ္စတာအဆစ်က ဆိုသည်။

အိန္ဒိယဘက်က မကြာမီ တိုက်ခိုက်လာနိုင်ကြောင်း ယူဆရသည့် အကြောင်းအရင်းကိုမူ ၎င်းက အသေးစိတ် ထပ်မံပြောဆိုခြင်း မရှိပေ။

ပါကစ္စတန်အနေဖြင့် အသင့်ပြင်ထားသည့် အနေအထားတွင် ရှိနေပြီး နိုင်ငံ၏ တည်ရှိမှုအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်ပေါ်လာမှသာ အဏုမြူလက်နက်ကို အသုံးပြုသွားမည်ဟု မစ္စတာအာဆစ်က ဆိုသည်။

လက်ရှိအခြေအနေနှင့် ပတ်သက်၍ ပါကစ္စတန်အစိုးရက ပင်လယ်ကွေ့နိုင်ငံများနှင့် တရုတ်နိုင်ငံ အပါအဝင် မိတ်ဆွေနိုင်ငံအချို့ကို ချဉ်းကပ်အကူအညီတောင်းခံထားကြောင်း ၎င်းက ပြောသည်။

ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံအချို့ကိုလည်း ယခုကိစ္စနှင့်ပတ်သက်၍ အစီရင်ခံတင်ပြထားကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး၏ ပြောဆိုမှုနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ အိန္ဒိယအစိုးရဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။

ကက်ရှ်မီးယားတိုက်ခိုက်မှုဖြစ်စဉ်တွင် သံသယရှိ လက်နက်ကိုင်စစ်သွေးကြွနှစ်ဦးမှာ ပါကစ္စတန်နိုင်ငံသားများ ဖြစ်ကြောင်း အိန္ဒိယအစိုးရကဘက်က ထုတ်ပြန်ထားပြီး ဖြစ်သည်။

အကြမ်းဖက်တိုက်ခိုက်သူများကို လိုက်လံဖမ်းဆီးပြီး အပြစ်ပေးမည်ဟု အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက ကတိပြုကြုံးဝါးထားသည်။

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုနောက်ကွယ်တွင် ပါကစ္စတန်အစိုးရ ရှိနေသည်ဟူ၍ အိန္ဒိယဘက်က စွပ်စွဲထားသော်လည်း ပါကစ္စတန်အစိုးရက ငြင်းဆန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်အပေါ် ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးမှု ပေါ်ပေါက်လာရေး ပါကစ္စတန်အစိုးရက တောင်းဆိုထားသည်။

အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် ကက်ရှ်မီးယားဒေသ နယ်မြေပိုင်ဆိုင်မှုအရေးနှင့် ပတ်သက်၍လည်း အိန္ဒိယနှင့် ပါကစ္စတန်အကြား စစ်နှစ်ကြိမ် ဖြစ်ခဲ့ဖူးပြီ ဖြစ်သည်။

Source: Reuters