BREAKING
March 31, 2025

ငလျင်ကြောင့် သေဆုံးသူ ၁၆၀၀ ကျော်ရှိလာ

March 29, 2025

ပုံစာ - မန္တလေးနှင့် နေပြည်တော်တို့တွင် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်နေစဉ်။ Photos - Myanmar Fire Services Department

အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ ၁၆၀၀ ကျော် ရှိပြီဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ မတ်လ ၂၉ ရက် ညပိုင်းမှာ ထုတ်ပြန်သည်။

သေဆုံးသူ၁၆၄၄ ဦး၊ ဒဏ်ရာရရှိသူ ၃၄၀၈ ဦးအထိ ရှိလာကာ ပျောက်ဆုံးသူမှာ ၁၃၉ဦး ရှိနေကြောင်း ဖော်ပြသည်။

မြန်မာသို့ တရုတ်၊ ရုရှား၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ကယ်ဆယ်ရေးပစ္စည်းများ လာရောက်နေရှိနေပြီး ထိုင်းနိုင်ငံက စစ်သားများအပါအဝင် ကယ်ဆယ်ရေးအဖွဲ့လည်း မတ်လ ၃၀ ရက်တွင်လည်း ရောက်ရှိရန် ရှိသည်။

မတ်လ ၂၈ရက်က ရစ်(ခ်)တာစကေး ၇ဒသမ ၇အဆင့်ရှိ အင်အားအလွန်းပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် ယနေ့ ညနေပိုင်းအထိ နောက်ဆက်တွဲ ငလျင် ၁၄ ကြိမ်အထိ လှုပ်ခတ်ခဲ့သည်။

ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတို့တွင် ငလျင်ဒဏ် ပြင်းထန်ခဲ့ပြီး ထိခိုက်ပျက်စီးမှု များပြားသည်။

လက်ရှိတွင် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်နေကြဆဲဖြစ်သည်။

မန္တလေးမြို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျကာ မြေထဲကျွံဝင်သွားသည့် Sky Villa ကွန်ဒိုတွင် ပိတ်မိနေသူ ၄၃ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ပြီး သေဆုံးသူ ကိုးဦး၏ ရုပ်အလောင်းများကို တွေ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

ယင်းအပြင် ချမ်းအေးသာစံမြို့နယ် သာသနာ့ဗိမာန်တွင် စာဖြေနေစဉ် အဆောက်အအုံပြိုကျသဖြင့် ပိတ်မိနေသည့် ရဟန်းတော်များကို ရှာဖွေနေပြီး ရဟန်း ၅၅ ပါးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ပျံလွန်တော်မူသည့် ရဟန်း ခြောက်ပါး၏ ရုပ်အလောင်းများကို တွေ့ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။