ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယမန်နေ့ (မတ် ၂၈) နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဆောက်လက်စ အထပ်မြင့် အဆောက်အအုံ ပြိုကျမှုဖြစ်ပွားရာတွင် မြန်မာနိုင်ငံသားအပါအဝင် သေဆုံးသူ ၉ ရှိလာပြီဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိထံမှ သိရသည်။
အဆောက်အအုံပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသူလည်း ၉ ဦးရှိပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သံအရာရှိက ပြောသည်။
လက်ရှိအချိန်အထိ အဆောက်အအုံထဲ ၈၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်သဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးနေကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိက ပြောသည်။
“လက်ရှိကတော့ သေဆုံးသူတွေထဲမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းတွေလဲ ပါနေတယ်ပေါ့နော်။ ကယ်ဆယ်ရေးလုပ်ငန်းတွေရော ထိခိုက်ဒဏ်ရာရရှိသူတွေကိုရော ထိုင်းဌာနဆိုင်ရာတွေနဲ့ ပေါင်းပြီးတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေပါတယ်။ နောက်ဆက်တွဲ လျော်ကြေးကိစ္စတွေအထိ ဆက်လက်ဆောင်ရွက်ပေးသွားမှာပါ” ဟု မြန်မာအလုပ်သမားသံအရာရှိ ဦးလေးမောင်က ဆိုသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအနေဖြင့် အကူအညီလိုအပ်ပါက မြန်မာသံရုံး သို့မဟုတ် မြန်မာအလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ၎င်းက ဆိုသည်။
အဆောက်အအုံ ပြိုကျမှုဖြစ်စဉ်နှင့် ပက်သက်၍ နောက်ဆက်တွဲ အခြေအနေများကိုလည်း မြန်မာသံရုံးနှင့် မြန်မာအလုပ်သမား သံအရာရှိ စာမျက်နှာများက ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။
ပြိုကျမှုဖြစ်သော အဆောက်အအုံ အပျက်အစီးများအောက်က ပိတ်မိနေသော အလုပ်သမားများထဲတွင် အသက်ရှင်နေသေးသော လက္ခဏာများကို တွေ့နေရသေးကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ညလုံးပေါက် ဆောင်ရွက်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။