BREAKING
March 31, 2025

မြန်မာ့ငလျင်ဘေး သွားရောက်ကူညီပေးရန် ထိုင်းစစ်တပ်ကို ဝန်ကြီးချုပ်ညွှန်ကြား

March 29, 2025

ထိုင်းတပ်မတော် ကယ်ဆယ်ရေးအဖွဲ့များက မြန်မာပြည်တွင်း ငလျင်ဒဏ်သင့် ပြည်သူများအား ကူညီဆောင်ရွက်ရေး မနက်ဖြန် တနင်္ဂနွေနေ့တွင် သွားရောက်ရန် ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က ညွှန်ကြားလိုက်သည်။

မြန်မာပြည်တွင်းရှိ ငလျင်ဒဏ်သင့် နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကာကွယ်ရေးဝန်ကြီးကို ထိုင်းဝန်ကြီးချုပ်က ယနေ့တွင် ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ရှာဖွေကယ်ဆယ်ရေး ကျွမ်းကျင်သူ စစ်သား ၄၉ ဦးနှင့်အတူ ဆေးဝါးနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများကို စစ်တပ်လေယာဉ်ဖြင့် မနက်ဖြန် သွားရောက်ကူညီရန် စေလွှတ်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာစစ်ကောင်စီ၏ အကူအညီတောင်းခံမှုအရ လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး နောက်ထပ်လိုအပ်ချက်များကို အခြေအနေအရ ထပ်မံပံ့ပိုးကူညီ သွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဒုဝန်ကြီးက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံအလယ်ပိုင်းတွင်လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒဿမ ၇ ရှိ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူများ ထောင်ချီရှိလာပြီဖြစ်သည်။

စစ်ကောင်စီက ငလျင်ဒဏ်သင့် နေရာများကို အရေးပေါ်အခြေအနေ ကြေညာထားပြီး နိုင်ငံတကာအကူအညီများ တောင်းခံထားရာ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်များက ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ထားပြီးဖြစ်သည်။

ငလျင်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အထိ ရိုက်ခတ်ခဲ့ပြီး အထပ်မြင့် အဆောက်အဦး ပြိုကျမှုအပါအဝင် အခြား ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင်လည်း ထိခိုက်မှုဖြစ်သဖြင့် အနည်းဆုံး လူ ၁၀ ဦးအထိ သေဆုံးမှု ရှိခဲ့သည်။

ထိုင်းနိုင်ငံအတွင်း ထိခိုက်ဒဏ်ရာရရှိသူများကို ထိုင်းဘုရင်က တော်ဝင်လူနာများအဖြင့် သတ်မှတ်ပြီး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

Ref: Bangkok Post