BREAKING
March 31, 2025

ထားဝယ်မှ ငလျင်ဘေးကူညီကယ်ဆယ်ရေးအဖွဲ့ မန္တလေးသို့ သွားရောက်ကူညီမည်

March 29, 2025

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အခြေစိုက် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ငလျင်ဘေးသင့်သူများကို ကူညီရန် မနက်ဖြန်(မတ် ၃၀) နံနက် ၄ နာရီတွင် ထားဝယ်မြို့မှ မန္တလေးမြို့သို့ စတင်ထွက်ခွာမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ ထံမှသိရသည်။

ငလျင်ဘေး ကူညီကယ်ဆယ်ရေးအဖွဲ့တွင် ထားဝယ်ဒေသအခြေစိုက် အရေးပေါ် လူနာတင်ယာဉ်အသင်း လေးသင်းမှ အဖွဲ့ ဝင် ၃၈ ဦးပါဝင်မည်ဖြစ်ပြီး လူနာတင်ယာဉ် ၄ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီးနှင့် အထောက်အကူပြုယာဉ် ၁ စီး စုစုပေါင်းယာဉ် ၆ စီးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါဝင် သယ်ဆာင်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်ကပြောသည်။

“မန္တလေးရောက်ရင်တော့ သက်ဆိုင်ရာ မန္တလေးတိုင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်သွားပါမယ်” ဟု ဦးနိုင်မျိုးသွင်က ပြောသည်။

အဆိုပါ ငလျင်ဘေး ကူညီကယ်ဆယ်ရေးအဖွဲ့ကို တနင်္သာရီတိုင်းဒေသကြီး အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့၊ ရင်ခုန်သံအရေးပေါ်လူနာတင်ယာဉ်အသင်း၊ ဂရုဏာမေတ္တာရှင် လူနာတင်ယာဉ်အသင်း၊ Best Friend သွေးလှူရှင်များအသင်းနှင့် ပီတိအပြုံးသွေးလှူရှင်များအဖွဲ့တို့ စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သည့် အင်အားအလွန်ပြင်းထန်သည့် ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူအများအပြားရှိနိုင်ပြီး လက်ရှိစစ်ကောင်စီက ထုတ်ပြန်ထားသည့် စာရင်းအရ သေဆုံးသူ တစ်ထောင်ကျော်လာပြီဖြစ်သည်။

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့် အဆောက်အအုံများအတွင်း ပိတ်မိ နေသူများစွာရှိနေသေးပြီး သေဆုံးသူတိုးလာနိုင်ကြောင်းလည်း သတင်းများအရသိရသည်။

မြန်မာနိုင်ငံရှိ ငလျင်ဘေးကို ကူညီကယ်ဆယ်ပေးရန် နိုင်ငံတကာမှလည်း ကယ်ဆယ်ရေးပစ္စည်းများနှင့် ကယ်ဆယ်ရေးလုပ်သားများ ပေးပို့စေလွတ်လျက်ရှိသည်။