တိုက်ပွဲရက်ရှည်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းတိုက်ပွဲတွင် ဒဏ်ရာရထားသည့် စစ်ကောင်စီတပ်သားများကို မြိတ်မြို့သို့ ပြန်လည်ပို့ဆောင်သည့် ယာဉ်တန်းကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
မတ်လ ၂၈ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ဒဏ်ရာရစစ်ကောင်စီတပ်သားများကို သယ်ဆောင်လာသည့် ကား ၇ စီးပါ စစ်ကောင်စီယာဉ်တန်းသည် အမှတ် ၃၀၆ အမြောက်တပ်မှ မြိတ်ဘက်သို့မောင်းနှင်လာချိန် တနင်္သာရီမြို့နယ် ရမ်းဖိုရွာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းကို ရမ်းဖိုရွာရှိ ဆီအုန်းကုန်းတွင် ဗိုလ်ခရင်းတပ်ဖွဲ့ ၊တောကြီးမြွေဟောက်တပ်ဖွဲ့၊ မြိတ်ပကဖအဖွဲ့ နှင့် ပကဖဇုန်(၃)တို့က မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ကားတစ်စီး ပျက်စီးသွားကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ထုတ်ပြန်သည်။
တစ်နာရီခန့်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်မှုရှိနိုင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဘက်ကမူ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ချက်ကဆိုသည်။
အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းသည် မြိတ်ဘက်သို့ပြန်မဆင်းမီ အမှတ် ၃၀၆ အမြောက်တပ်တွင် တစ်ညတပ်စွဲပြီး ၂၈ ရက်နံနက်တွင် စထွက်လာကြကြောင်း ဗိုလ်ခရင်းတပ် တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
”ကားတွေကို တစ်ဟုန်ထိုး အရှိန်နဲ့မောင်းလာကြတယ်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်ချိန် သူတို့သေနတ် ပြန်ပစ်သံက တစ်စီးမှာ သေနတ်နှစ်လက် သုံးလက်ပဲပါပုံရတယ်၊အနီးအနား တပ်တွေက လက်နက်ကြီး အကူပစ်တယ်”ဟု အထက်ပါရဲဘော်က ဆိုသည်။
ခမရ ၅၅၆ တပ်ရင်းနှင့် ၃၀၆ အမြောက်တပ်ကလည်း အဆိုပါ ယာဥ်တန်းမထွက်မီ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ် ကားတစ်စီး အင်ဂျင်ပေါက်သွားသဖြင့် ရမ်းဖိုရွာတွင် ခေတ္တရပ်နားကာ မြိတ်ဘက်သို့ ဆက်သွားသည်ကိုတွေ့ရကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ခရီးသွားအမျိုးသားတစ်ဦးက ဆိုသည်။
”ကားတစ်စီးကတော့ မောင်းမရဘဲ တွယ်(ဆွဲ)သွားတာတွေ့တယ်။ ကားတွေထဲမှာလည်း သွေးအားပဲ(အများကြီး) ပေနေတယ်။ အောက်ကိုလည်း (သွေး)အစက်အစက်ကျနေတဲ့ ကားတွေလည်းရှိတယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။
မတ်လ ၂၆ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးတပ်တို့ ရမ်းဖိုရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။.
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် တနင်္သာရီ-မောတောင်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က သိန်ခွန်းရွာဝန်းကျင်ကို စစ်ကြောင်းထိုးနေသည်မှာ သုံးလကျော် ရှိလာပြီဖြစ်ပြီး အနီးဝန်းကျင်ရှိ ကျေးရွာများတွင် တိုက်ပွဲများ တောက်လျှောက် ပြင်းထန်နေသည်။