ONE Championship CEO ချတ်ထရီနှင့် ဖိလစ်ပိုင်ဖိုက်တာမလေး ဘိုမိုဂေါင်တို့သည် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဝမ်းနည်းစိတ်ထိခိုက်ရကြောင်းနှင့် နှစ်သိမ့်အားပေးသည့် ဆုတောင်းစကားများ ပြောကြားပေးခဲ့ကြောင်းကို ONE Championship က ဖော်ပြထားသည်။
ONE Championship သည် ယမန်ညက ကျင်းပရန် စီစဉ်ထားခဲ့သော ONE Friday Fights 102 ပြိုင်ပွဲကြီးကိုလည်း မကျင်းပတော့ဘဲ ရွှေ့ဆိုင်းပစ်ခဲ့ပြီး မြန်မာနှင့် ထိုင်းနိုင်ငံတွင် လှုပ်ခတ်သွားခဲ့သော ငလျင်ကြောင့် ထိခိုက်နစ်နာသွားခဲ့သူများကို စာနာဖေးကူရေးမှာ ယခုအချိန်တွင် အရေးအကြီးဆုံးဖြစ်ကြောင်းလည်း ONE Championship က အသိပေးထားသည်။
ထိုင်းဝန်ကြီးချုပ် ပေထုံတန် သည် ငလျင်ဒဏ်သင့်ပြည်သူများကို ကယ်ဆယ်ရေးများ အရှိန်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်သူအားလုံး ပူးပေါင်းကူညီ အားဖြည့်ပေးကြရန် တိုက်တွန်းနှိုးဆော်ထားပြီး အစိုးရဘက်ကလည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးရန်အတွက် အချိန်မလပ် အသင့်ပြင်ထားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် ဒေသအလိုက် ကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့(မတ်လ ၂၉ ရက်)၌ စတင်ဆောင်ရွက်နေပြီး အချို့သောဒေသများတွင် အစားအသောက်ခက်ခဲမှု၊ လျှပ်စစ်မီး ပြတ်တောက်မှု၊ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်မှုများကြောင့် ငလျင်ဒဏ်သင့်ပြည်သူများမှာ အခက်ကြုံနေရလျက်ရှိသည်။
ဆေးရုံများတွင်လည်း ဆရာဝန်နှင့် သူနာပြုအင်အား မလောက်ငှမှုများကြောင့် ငလျင်ဒဏ်သင့်ပြည်သူများကို ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများ အပြည့်အဝ ပေးနိုင်ရန်မှာ အဆင်မပြေဖြစ်နေပြီး လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပငန်းစဉ်အချို့ အကောင်အထည်ဖော်ရန် အဆင်မပြေဖြစ်နေသည့်အတွက် အသက်ဆုံးရှုံးရမှုများလည်း ဖြစ်ပေါ်နေသည်။
Source – ONE Championship and AFP