အင်အားပြင်းထန်လွန်းသော ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း မင်းကွန်းဒေသရှိ ရှေးဟောင်းသမိုင်းဝင် မြသိန်းတန်စေတီ ထိပ်ပိုင်းကျိုးကျပျက်စီးပြီး မင်းကွန်းပုထိုးတော်ကြီးလည်း ထိခိုက်ပျက်စီးကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့် ဒေသတွင်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။
ယင်းအပြင် မင်းကွန်းဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ မင်းကွန်းတိနိကျောင်းခေါ် တိပိဋကနိကာယ ကျောင်းတိုက်၊ သိမ်၊ လွမ်းစေတီနှင့် သာသနိက အဆောက်အဦများ ပြိုကျ ပျက်စီးခဲ့ကြောင်း Mandalay Free Press – MFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။
လူ ကိုးဦးထက် မနည်းသေဆုံးပြီး ပြိုကျနေသည် ကျောင်းဆောင်တွေ၊ တည်းခိုခန်းတွေ၊ လူနေတိုက်တွေမှာ ပိတ်မိနေသူများ ရှိနေကြောင်း ဆိုသည်။
အင်အား ရ(ခ်)တာ စကေး ၇ဒသမ၇ အဆင့်ရှိ ငလျင်သည် စစ်ကိုင်းမြို့နှင့် ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ငလျင်ကြောင့် မန္တလေးက ရှေးဟောင်းသမိုင်းဝင် မယ်နုအုတ်ကျောင်းနှင့် လေးထပ်ကြီးကျောင်းတို့ ပြိုကျပျက်စီးခဲ့သည်။

