BREAKING
March 31, 2025

မန္တလေးမှ ထားဝယ်သို့ ပြန်လိုသည့် စာသင်သားရဟန်းများအား ကူညီပို့ဆောင်ပေးမည်

March 29, 2025

ပုံစာ - မြေငလျင် ကြောင့်ပြိုကျသွားသည့် မန္တလေး မစိုးရိမ်တိုက်သစ်က နာရီစင်အားတွေ့ရစဥ် ။

မြေငလျင်ကြောင့် ထိခိုက်မှုများရှိခဲ့သည့် မန္တလေးမြို့မှ ထားဝယ်ဒေသသို့ ပြန်ကြွလိုသည့် ထားဝယ်ဒေသခံ စာသင်သားရဟန်းများကို ထားဝယ်လမင်း ကားဂိတ်က ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ယင်းကားဂိတ်ထံမှသိရသည်။

“မန္တလေး – ထားဝယ်လမ်းကြောင်းက ညအိပ်ရမယ့် လမ်းကြောင်းလည်းဖြစ်နေတယ်။ ခရီးလည်းဝေးတယ်။ စာသင်သား သံဃာတွေ အခက်အခဲဖြစ်နေတာလည်း ကြားသိရတဲ့အတွက် တစ်ဖက်တစ်လမ်းက ကူညီပေးတာပါ” ဟု မန္တလေး – ထားဝယ် ပြေးဆွဲနေသည့် ထားဝယ်လမင်း ကားဂိတ်တာဝန်ရှိသူတစ်ဦးက ပြောသည် ။

ထားဝယ်ပြန်မည့် စာသင်သားရဟန်းများအား ကြိုမည့် ကားသည် ယနေ့ မတ်လ ၂၉ ရက် ညနေ ၄ နာရီတွင် မစိုးရိမ်တိုက်သစ်သို့ စုရပ်အဖြစ်ရောက်ရှိမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထားဝယ်ဒေသသို့ပြန်လည်ကြွရန်ဆန္ဒရှိသည့် စာသင်သားရဟန်းများအနေဖြင့် ဖုန်းနံပါတ် 09444840994 နှင့် 09788741187 သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ထားဝယ်လမင်းကားဂိတ်ထံမှ သိရသည်။

ယနေ့ နေ့လယ်ပိုင်းအထိ ဆက်သွယ်လာသည့် စာသင်သားရဟန်း ဆယ်ပါးရှိပြီဖြစ်ကြောင်း ကားဂိတ်တာဝန်ရှိသူက ဆိုသည်။

“ကားကတော့လောလောဆယ် တစ်စီး စီစဥ်ထားပါတယ်။ တစ်စီးမလုံလောက်ရင်လည်း နောက်ထပ် ထပ်စီစဥ်ပေးဖို့ လုပ်ပါမယ်။ ကျွန်တော်တို့ကတော့ ထားဝယ်ဘက်ကိုပဲ စီစဥ်ပေးနိုင်ပါသေးတယ်။ ဧရာဝတီဘက်၊ ရှမ်းပြည်နယ်က ပြန်ကြွချင်တဲ့ သံဃာတွေဆက်သွယ်လာတာလည်းရှိတယ်။ အဲဒါက အကူအညီမပေးနိုင်သေးတော့ အကူအညီလိုအပ်နေဆဲဖြစ်တယ်” ဟု ပြောသည်။

ထားဝယ်မြို့ မှ မန္တလေးမြို့ သို့ ကူညီကယ်ဆယ်ရေးသွားရောက်လုပ်ဆောင်ရန် လိုက်ပါလိုသူများအနေဖြင့်လည်း အထက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်သည်ဟု ဆိုသည် ။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် မန္တလေးမြို့တွင် ဓမ္မာစရိယ စာမေးပွဲဖြေနေသည့် စာဖြေဌာန ပြိုကျ၍ ထိခိုက်မှုများရှိခဲ့ပြီးနောက် စာမေးပွဲလည်းရက်အကန့်အသတ် မရှိရပ်နားလိုက်ကြောင်း စစ်ကောင်စီက ကြေညာလိုက်သည် ။