BREAKING
March 31, 2025

ကျွန်းစု ဝန်တောင်ရွာတွင် တိုက်ပွဲဖြစ်ပြီး ဖုန်းတာဝါတိုင်ပျက်စီး

March 29, 2025

ပုံစာ - ကျွန်းစုမြို့ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုအားတွေ့ရစဉ်(ပုံဟောင်း)

ကျွန်းစုမြို့နယ်၊ ဝန်တောင်ကျေးရွာတွင် မတ်လ ၂၆ရက်က စစ်သင်္ဘောများဖြင့် သွားလာနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဝန်တောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ရာ Mytel ဖုန်းတာဝါတိုင် ထိမှန်ပျက်စီးသွားပြီး ရွာသားများမူ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ပင်လယ်ပြင်ရှိ စစ်‌သင်္ဘောပေါ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ကျေးရွာရှိ ပြည်သူများမှာ လှေဖြင့်ထွက်ပြေး တိမ်းရှောင်ကြသလို ဥယျာဉ်ခြံများအတွင်း ထွက်ပြေးသူများလည်းရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“တစ်ရွာလုံး ပြောင်းခိုင်းထားတယ်လို့ ပြောနေကြတယ်။ လက်နက်ကြီးပစ်တာနဲ့ လေယာဉ်ဗုံးလာကြဲမှာပဲ ကြောက်တယ်။ ရွာမှာတော့လူ မရှိကြတော့ဘူး” ဟု အဆိုပါ ၎င်းက ပြောဆိုသည်။

မတ်လ ၁၃ ရက်ကလည်း ဝန်တောင်ကျေးရွာအနီး ပင်လယ်ပြင်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကြောင်း ကျွန်းစုပကဖ၏ ထုတ်ပြန်ချက်အရသိရသည်။

လက်ရှိဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

“ယခုအချိန်အထိ စစ်ရေးက တင်းမာနေဆဲဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ပြောလို့တော့ မရသေးဘူးဗျ” ဟု ကျွန်းစုမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက မတ်လ ၂၇ ရက်တွင် ပြောဆိုသည်။

ဝန်တောင်ကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်ပျက်စီးသွားသည့်အတွက် အနီးအနားရှိ ကျေးရွာအများစုတွင်လည်း ဖုန်းလိုင်းများ ပြတ်တောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။