BREAKING
March 31, 2025

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းရှိ ကြေးနန်းတိုင်တံတားဂိတ်တွင် ကုန်ကားတစ်စီးကို စစ်ကောင်စီထပ်ဖမ်း

March 29, 2025

ပုံစာ - ကြေးနန်းတိုင်တံတားအား တွေ့ရစဉ်(ပုံဟောင်း)

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်ရှိ ကြေးနန်းတိုင်တံတားစစ်ရေးဂိတ်တွင် ကုန်တင်ကားတစ်စီးကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ၊ ကားပိုင်ရှင်နှင့်နီးစပ်သူထံမှ သိရသည်။

မတ်လ ၂၇ရက် ညနေ ၃နာရီခန့်တွင် တနင်္သာရီမြို့နယ် ပဝရွာဘက်သို့ သွားမည့် ကုန်တင်ကားတစ်စီးကို မြိတ်မြို့နယ် အတွင်းရှိ အထက်ပါကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ကြောင်း ကားပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါကုန်တင်ကားပေါ်တွင် ပဝရွာဘက်သို့ပို့မည့် ကုန်ပစ္စည်းများတင်လာသည်ဟုဆိုကာ စစ်ဆေးပြီး ကားပေါ်ပါလာသည့် အသက် ၅၀ ဝန်းကျင်အရွယ်အမျိုးသမီးတစ်ဦး၊ ၃၉ နှစ်အရွယ် ကုန်ကားမောင်းသူနှင့် ၃၆ နှစ်ဝန်းကျင်အရွယ် ကားနောက်လိုက်တို့ကို ဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။

အထက်ပါကုန်ကားမှာ မြိတ်မြို့ဘက်မှ တနင်္သာရီမြို့နယ် ဇဝဲရွာအနီးဝန်းကျင်ရှိ ကျေးရွာများကို ကုန်စည်ပို့ဆောင်နေသည့် ကားဖြစ်ကြောင်း ဇဝဲရွာနေ ဒေသခံတစ်ဦးက ပြောဆိုသည်။

”ပဝရွာဘက်ပို့ဖို့ ကုန်ပစ္စည်းတွေ တင်နေတာဆိုပြီး အဲဒီရွာက ကုန်တွေများတယ်ဆိုပြီး ဖမ်းလိုက်တယ်။ ပဝရွာဘက်ကို ကုန်တင်သွင်းခွင့်ပိတ်ထားတာ တစ်နှစ်ပြည့်တော့မယ်” ဟု အထက်ပါဒေသခံက ပြောသည်။

ဖမ်းဆီးခံရရာတွင် ပါဝင်သည့် အမျိုးသမီး ပိုင်ဆိုင်သည့်ကားမှာ တိုင်တန်းခံထားရသဖြင့် ညီမဖြစ်သူ ပိုင်ဆိုင်သည့်ကားဖြင့် လိုက်ပါလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသား အခြားတစ်ဦးက ပြောဆိုသည်။

မည်သူက မည်သည့်အကြောင်းအရင်းကြောင့် တိုင်ကြားထားသည်ကိုမူ မသိရသေးပေ။

”အခု မိန်းမကြီးကားက သူ့ရွာမှာ သူ့ကားကိုထားခဲ့တယ်။ သူကားအတိုင်ခံထားရတယ်လို့ အသံကြားလို့ သူ့ညီမကားငှားပြီး ဆင်းသွားတာ။ သူ့ကားဆိုပြီး ဖမ်းလိုက်တယ်” ဟု အထက်ပါဒေသခံက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူ သုံးဦးစလုံးကို မြိတ်မြို့သို့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း ကားသမားနှင့် နီးစပ်သူအချို့က ဆိုသည်။

ဖမ်းဆီးခံထားရသည့် ကားသမားနှစ်ဦးနှင့် အမျိုးသမီးတို့ကို မိသားစုက အဆက်အသွယ်မရသေးကြောင်း နီးစပ်သူများထံမှ သိရသည်။

မတ်လ ၇ရက်ကလည်း ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် မြိတ်ဘက်မှ တနင်္သာရီမြို့နယ်မော်တုန်းရွာဘက် သို့ ကုန်ပစ္စည်းပို့ဆောင်နေသည့် ကုန်ကားတစ်စီးနှင့် အမျိုးသားနှစ်ဦးကိုဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ပြန်မလွတ်သေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။