BREAKING
March 31, 2025

လောင်းလုံးရဲစခန်းရှေ့တွင် အမျိုးသားတစ်ဦး သုံးဘီးပေါ်က ပြုတ်ကျသေဆုံး

March 29, 2025

‌လောင်းလုံးမြို့ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကြားရှိ ကားလမ်းပေါ်တွင် မတ်လ ၂၈ ရက်က အသက်ကြီးပိုင်း အမျိုးသားတစ်ဦး သုံးဘီးပေါ်က ပြုတ်ကျသေဆုံးကြောင်း မြို့ခံအချို့ထံမှ သိရသည်။

သေဆုံးသူမှာ စမ်းလှမ်းကျေးရွာဇာတိဖြစ်ပြီး လောင်းလုံးမြို့ပေါ်တွင်နေထိုင်သူ သုံးဘီးမောင်းသမား အသက် ၆၀ ဝန်းကျင် အရွယ် ဦးတင်စိုးဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

အဆိုပါအမျိုးသားသည် ထားဝယ်မြို့မှ သုံးဘီးဖြင့် ခရီးသည်တင်ဆောင်လာစဉ် ရဲစခန်းအရှေ့အရောက်‌ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် မူးဝေပြီး သုံးဘီးပေါ်က ပြုတ်ကျသွားခဲ့ကြောင်း ဆိုသည်။

“(ရာသီဥတုက) ပူကလည်းပူဆို‌တော့ ခေါင်းမူးပြီး ပြုတ်ကျသွားတာဖြစ်မယ်။ သုံးဘီးကတော့ ရဲစခန်းအရှေ့က ဘယ်ရီဂိတ်ကို ဝင်တိုက်နေတယ်။ လူကတော့ ကတ္တရာလမ်းနဲ့ရိုက်မိပြီး ခေါင်းမှာသွေးအများကြီးထွက်လာလို့ ဆရာမဒါ်မူမူသန်း ဆေးခန်းကို ခေါ်သွားသေးတယ်။ ဆေးခန်းရောက်တဲ့အချိန်ဆို လူကသေနေပြီ” ဟု မြို့ခံတစ်ဦးက ဆိုသည်။

လောင်းလုံးမြို့ပေါ်တွင် မြို့နယ်ဆေးရုံရှိသော်လည်း ၂၀၂၁ အာဏာသိမ်းပြီးနောက် ယနေ့အချိန်အထိ ဆေးဝါးကုသ ပေးနိုင်ခြင်းမရှိတော့ဘဲ ပိတ်ထားရသည်။

လတ်တလော ထားဝယ်ခရိုင်၌ ‌ညပိုင်းတွင်အေးပြီး နေ့ခင်းပိုင်းတွင် ရာသီဥတုပူပြင်းလျက်ရှိသည်။ ထိုကဲ့သို့ အပူချိန်မြင့်နေသည့်အချိန် အသက်ကြီးပိုင်းများ မူးဝေလဲကျသည့်ဖြစ်စဉ်များလည်း ဖြစ်ပွားနေသည်။

Dawei Watch ၏ မေးမြန်းချက်အရ မတ်လ ဒုတိယအပတ်မှ ယနေ့ မတ်လ ၂၉ရက်အထိ လောင်းလုံးမြို့နယ်တွင် အသက်ကြီးပိုင်း အမျိုးသားသုံးဦး ရာသီဥတုအပူဒဏ်ကြောင့် မူးဝေလဲကျခြင်းတို့ဖြစ်ပွားခဲ့သည်။

ယင်းအမျိုးသားသုံးဦးအနက်တစ်ဦးမှ လယ်ကွင်းထဲသွားစဉ် မူးဝေလဲကျခြင်းဖြစ်ပြီး နောက်အမျိုးသားတစ်ဦးမှာ ထားဝယ်မြို့ကိုသွားစဉ် မင်းရပ်ကျေးရွာတွင် မူးဝေပြီးဆိုင်ကယ်လဲကာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ကျန်အမျိုးသားတစ်ဦးမှာ အလှူပွဲကျင်းပနေချိန် အပူချိန်ကြောင့် မူးဝေသတိလစ်မေ့မြောသွားခဲ့သည်။

မိုးလေဝသ‌နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းအတွင်း နေ့အပူအချိန်များတိုးနေပြီး မတ်လ ပုံမှန် အပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ်ပိုမိုနေကြောင်း ထုတ်ပြန်ထားသည်။