အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသေဆုံးမှု များပြားခဲ့သည့် ဒေသများအနက် မန္တလေးတစ်ခုတည်းတွင် သေဆုံးသူ ၆၉၄ဦး၊ ဒဏ်ရာရသူ ၁၆၇၀ရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
မန္တလေးသို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားရောက်ပြီးနောက် သတင်းထုတ်ပြန်ရာတွင် ယင်းသို့ ဖော်ပြသည်။
လက်ရှိတွင် ပျောက်ဆုံးသူ ၆၈ဦးရှိနေပြီး သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးမှု အသေးစိတ် စာရင်းကို ဆက်လက်ကောက်ယူနေဆဲဖြစ်ကြောင်း ဖော်ပြသည်။
မတ်လ ၂၈ ရက်ညတွင် စစ်ကောင်စီထုတ်ပြန်ချက်အရ နေပြည်တော်တွင် သေဆုံးသူ ၉၆ ဦး၊ စစ်ကိုင်းမြို့တွင် သေဆုံးသူ ၁၈ဦးရှိခဲ့သည်ဆိုသဖြင့် သေဆုံးသူ စုစုပေါင်း ၈၀၈ ဦးအထိ ရှိလာပြီဖြစ်သည်။
မတ်လ ၂၈ရက်က ရစ်(ခ်)တာစကေး ၇ဒသမ ၇အဆင့်ရှိ အင်အားအလွန်းပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင် ၁၃ ကြိမ်အထိ လှုပ်ခတ်ခဲ့သည်။
အဆိုပါငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတို့တွင် ငလျင်ဒဏ် ပြင်းထန်ခဲ့ပြီး အဆောက်အလုံများစွာ ပြိုကျပျက်စီးခြင်း၊ မြေထဲကျွံဝင်ခြင်း၊ တံတားများ ကျိုးကျခြင်း၊ လမ်းများ မြေအက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်ခြင်း စသည်တို့ ဖြစ်ပွားခဲ့သည်။
ယင်းအပြင် လေဆိပ်များ ပြိုကျပျက်စီးသဖြင့် မန္တလေးနှင့် နေပြည်တော်လေဆိပ်များကိုလည်း ပိတ်ထားရပြီး ရန်ကုန်-မန္တလေး ရထားသံလမ်းများ ကွေးကောက်သွားခြင်းကြောင့် ရထားခရီးစဉ်များလည်း ဖျက်သိမ်းထားရသည်။
လက်ရှိတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်က အဖွဲ့ဝင် ၃၇ဦး ပါဝင်သည့် ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ ယနေ့ မတ်လ ၂၉ရက် နံနက် ၇နာရီကျော်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည်။
ရုရှားနိုင်ငံက အဖွဲ့ဝင် ၁၂၀ ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့လည်း လေယာဉ်နှစ်စင်းဖြင့် မြန်မာနိုင်ငံသို့ စေလွှတ်ထားပြီး အိန္ဒိယနိုင်ငံက အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိကြောင်း သတင်းအချို့တွင်ဖော်ပြသည်။
ဥရောပသမဂ္ဂ (EU) ကလည်း ကနဦးအရေးပေါ်အကူအညီအဖြစ် ယူရို ၂ဒသမ ၅သန်း ကူညီပံ့ပိုးရန် ဆုံးဖြတ်လိုက်ကြောင်း အဆိုပါအကူအညီသည် မြန်မာရှိ အထိခိုက်လွယ်ဆုံးသူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ အသက်များကို ကယ်တင်ရန် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ငလျင်ဒဏ်သင့်မြန်မာကို ကူညီမည်ဖြစ်ကြောင်း ပြောဆိုထားသည်။



