BREAKING
March 31, 2025

ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ ခေတ္တရပ်နားမည်

March 29, 2025

ပုံစာ - မြိတ်စာဖြေဌာန ။ ဓာတ်ပုံ - အရှင်သုမန(မြိတ်)

မြန်မာနိုင်ငံ အဝှမ်း ဖြေဆိုနေသည့် ဓမ္မာစရိယ စာမေးပွဲနှင့် ကျင်းပရန်စီစဥ်ထားသည့် ပါဠိပထမပြန်စာမေးပွဲများ ကို မတ်လ ၂၉ ရက်နေ့ကစ၍ နောက်တစ်ကြိမ် ပြန်လည်ကျင်းပရန် မကြေညာမချင်း ရပ်နားထားမည်ဟု စစ်ကောင်စီ၏ ရုပ်မြင်သံကြား မှ မတ်လ ၂၈ ရက်ညတွင် ကြေညာခဲ့သည်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မန္တလေးနှင့် စစ်ကိုင်းတိုင်း အတွင်းရှိ စာဖြေဌာနများတွင် အဆောက်အအုံ များ ပြိုကျပျက်စီး၍ စာဖြေရဟန်းများ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ပြီးနောက် ယခုကဲ့သို့ စာမေးပွဲရပ်နားလိုက်ကြောင်း ကြေညာခြင်းဖြစ်သည် ။

” ငလျင်ကိစ္စကြောင့်ပဲ စာမေးပွဲ ကို တစ်နိုင်ငံလုံးရပ်ထားလိုက်တာပါ ။ ပြန်ဖြေရမယ့်ရက်က သီးသန့်ပြန်ကြေညာမယ်ထင်တယ် ” ဟု မြိတ်စာဖြေဌာန မှ စာမေးပွဲ ကြီးကြပ်တာဝန်ကျ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

တနင်္သာရီတိုင်းတွင် ဓမ္မာစရိယ နှင့် ပါဠိပထမပြန် စာမေးပွဲ ကို ထားဝယ် ၊ မြိတ် နှင့် ကော့သောင်း စာဖြေဌာန သုံးခုဖွင့်လှစ်၍ ဖြေဆိုနေကြကြောင်း ယင်းဆရာတော်က ပြောပြသည် ။

၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဓမ္မာစရိယစာဖြေဌာန ၇၁ ဌာနတို့တွင် ၂၅-၃-၂၀၂၅ ရက်မှစတင်ကာ ၂-၄-၂၀၂၅ ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်သည် ။

၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲများကိုလည်း ၃၁-၃-၂၀၂၅ ရက်နေ့မှ ၆-၄-၂၀၂၅ ရက်နေ့အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ပါဠိပထမပြန် စာဖြေဌာန ၂၃၉ ဌာနတို့တွင် ကျင်းပသွားရန် စီစဥ်ထားခဲ့ကြောင်း သာသနာရေးဦးစီးဌာနထံမှသိရသည် ။

မန္တလေး စာဖြေဌာနတစ်ခု ဖြစ်သည့် ဦးလှသိန်းဗိမာန်တွင် စာဖြေရဟန်း ၂၇၀ ကျော် စာဖြေနေစဥ် ငလျင်လှုပ်ခဲ့ပြီး ပိတ်မိနေသည့် ရဟန်းအပါး တစ်ရာကျော်ကို မတ်လ ၂၈ ရက် ညအထိ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ လူမှုကူညီရေးအသင်း ထံမှသိရသည် ။

No related posts found.