BREAKING
January 30, 2025

ကော့ဖငန်းကျွန်းက မြန်မာစာသင်ကျောင်းကို ထိုင်းရဲဝင်စစ်၊ မြန်မာဆရာလေးဦး ဖမ်းဆီးခံရ

January 29, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် ခရစ်ယာန်ဘုန်းကြီးကျောင်းဝင်းထဲက မြန်မာစာသင်ကျောင်းကို ထိုင်းရဲတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၉ ရက်တွင် ဝင်ရောက်စစ်ဆေးပြီး စာသင်ကြားပေးနေသော မြန်မာဆရာလေးဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ခရစ်ယာန်ကျောင်းထဲတွင် ခွင့်ပြုချက်မရှိဘဲ မြန်မာစာသင်ကျောင်းဖွင့်လှစ်ထားသည်ဟု တိုင်ကြားချက်ရရှိသဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

စာသင်ကျောင်းတွင် အသက် ၃ နှစ်မှ ၁၂ နှစ်အရွယ် မြန်မာကလေးငယ် ၁၉၀ ကျော် ပညာသင်ယူနေကြပြီး မြန်မာဆရာလေးဦးက သင်ကြားပေးနေခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ကလေးများအား စာပေတတ်မြောက်ရန် မိဘများ အလုပ်သွားချိန်တွင် အဆိုပါမြန်မာကျောင်း၌ လာရောက်အပ်နှံကြခြင်း ဖြစ်ကြောင်း ဆရာများက ရဲတပ်ဖွဲ့သို့ ဖြေကြားသည်ဟု ဖော်ပြသည်။

ကျောင်းလခအနေဖြင့် ကလေးတစ်ဦးလျှင်လည်း ဘတ် ၃၀၀ မှ ၅၀၀ အတွင်း သတ်မှတ်ထားကြောင်း ဆိုသည်။

ခွင့်ပြုချက်မရှိဘဲ စာသင်ကျောင်းဖွင့်လှစ်ထားမှုနှင့် အလုပ်လုပ်ခွင့်မရှိသော အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်မှုဖြင့် ဆရာများကို ကော့ဖငန်းရဲစခန်းသို့ ပို့ဆောင် အမှုဖွင့်ထားကြောင်း ဖော်ပြသည်။

ထို့အပြင် ကျောင်းထဲရှိ မြန်မာပြဋ္ဌာန်းစာအုပ် ၃၁ အုပ်ကို သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။

Ref: Khaosod English, CH 3 Plus