BREAKING
January 30, 2025

ထားဝယ်-သရက်ချောင်းလမ်းပေါ်ရှိ ‌ရွှေဂူတံတားစစ်ကောင်စီဂိတ်ကို PDF သိမ်းယူ

January 29, 2025

ပုံစာ - ရွှေဂူတံတားဂိတ်(ပုံဟောင်း)

ထားဝယ်-သရက်ချောင်းကားလမ်းပေါ်ရှိ ရွှေဂူတံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဘက်က ယနေ့ ည‌တွင် တိုက်ခိုက်သိမ်းယူကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ ဇန်နဝါရီလ ၂၉ရက် မွန်းတည့်ပိုင်းမှစပြီး တော်လှန်ရေးတပ်တို့က ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို လာရောက် တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ညနေမိုးချုပ်သည်အထိ နှစ်ဖက်အပြန်လှန် ပစ်ခတ်နေကြကြောင်း ဒေသခံအချို့ကဆိုသည်။

“PDF တွေက (ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို) သိမ်းပစ်လိုက်ပြီ” ဟု ဒေသခံတစ်ဦး ယနေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်က ပြောဆိုသည်။

ယင်းတိုက်ပွဲတွင်ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီ၏ ရွေဂူတံတားစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အတည်ပြုပြောကြားသည်။

“(ရွှေဂူတံတားဂိတ်ကို သိမ်းတာ) ဟုတ်ပါတယ်။ လက်ရှိအခြေအနေတွေကိုတော့ ကျွန်တော်ဘာမှပြောခွင့် မရှိသေးဘူးခင်ဗျား” ဟု ၎င်းက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတို့ကလည်း ရွှေဂူတံတားစစ်ဆေးရေးဂိတ်တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဘက်က စခန်းသိမ်းနိုင်သည့်အပြင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး အရှင်ဖမ်းဆီးရမိသူလည်းရှိကြောင်း ပြောဆိုသည်။

ရွှေဂူတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံနေရသည့်အချိန် ညနေ ၃ နာရီခန့်တွင် သရက်ချောင်းမြို့နယ်ဘက်သို့ထွက်သည့် ထားဝယ်မြို့ဝင်‌ ပေါက်တိုင်းတံတားကို ပိတ်ချလိုက်ပြီး ညနေ ၅ နာရီခန့်မှ ပြန်ဖွင့်ပေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရွှေဂူတံတားစစ်ဆေးရေးဂိတ်မှာ ထားဝယ်-သရက်ချောင်း-မြိတ်သွား ပြည်ထောင်စုကားလမ်းမပေါ်တွင်တည်ရှိပြီး အနီးအနားတွင် ရှင်မုတ္ထီး၊ ရောင်းမော်၊ စော်ဝ၊ ညောင်ဇင် ကျေးရွာများရှိသည်။

အဆိုပါ စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် လမ်းသွား၊ လမ်းလာ ခရီးသည်များထံမှ အဓမ္မငွေကြေးတောင်းခံနေသည့် စစ်ဆေးရေးဂိတ်တစ်ခုလည်းဖြစ်သည်။