ပုလောမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းဘေးက ဆင်ထိုးကြီးရွာတွင် ဥယျာဉ်ခြံအချို့ မီးလောင်နေပြီး မြေမြှုပ်မိုင်း အန္တရာယ်ရှိနေသဖြင့် မီးသွားရောက်ငြှိမ်းသတ်နိုင်ခြင်း မရှိသလို မီးတားလမ်း ဝင်မလုပ်နိုင်သေးကြောင်း ရွာသူရွာသား အချို့က ပြောသည်။
မြိတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ဦးလှသန်းပိုင်သည့် အင်းမကျေးရွာက ရော်ဘာနှင့် ဒူးရင်းခြံများသည် ပြီးခဲ့သည့် တစ်လ ခန့်မှ စတင်ကာ မီးလောင်ကျွမ်းနေပြီး အဆိုပါမီးမှာ ရွာနီးစပ်ဖြစ်သည့် ဆင်ထိုးကြီးရွာဘက်သို့ ကူးစက်လောင်ကျွမ်း လာကြောင်း ၎င်းတို့က ဆိုသည်။
ပြီးခဲ့သည့်တစ်ပတ်ခန့်မှစတင်ကာ ဆင်ထိုးကြီးကျေးရွာဘက်သို့ မီးကူးစက်လာခြင်းဖြစ်ကြောင်း ဒူးရင်းခြံပိုင်ရှင်တစ်ဦးက ပြောဆိုသည်။
“လောင်တာကတော့ ဒူးရင်းခြံကနှစ်ခြံ၊ ရော်ဘာခြံရော၊ ကွမ်းသီးခြံရောပဲ အားလုံးဆို ဥယျာဉ်ခြံ ငါးခြံလောက်ရှိပြီ။ ဒီဘက်ကို ရောက်လာတာ တစ်ပတ်လောက်ရှိပြီ။ မနေ့က ကျွန်တော့်တို့ခြံတွေပါ မီးလောင်နေတာ လှမ်းမြင်နေရတယ်။ မိုင်းတွေ ထောင်ထားတယ်ဆိုတော့ ဘယ်သူမှဝင်မရဲလို့ ဒီတိုင်းကြည့်နေရတယ်” ဟု ၎င်းက ပြောသည်။
ထိုင်းမျိုးရင်း ကိုင်းကူးပင်များ စိုက်ထားသည့် ၎င်း၏ ဒူးရင်းခြံမီးလောင်ရာတွင် ပါဝင်သွားကြောင်း အထက်ပါခြံပိုင်ရှင်က ဆိုသည်။
ဥယျာဉ်ခြံများ မီးလောင်နေသဖြင့် ရွာသူရွာသားများမှာ ဆင်ထိုးကြီးရွာထဲဝင်ရောက်ကာ မီးအခြေနေကိုကြည့်ရှုနေပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ဖွဲ့ဝင်များက မြေမြှုပ်မိုင်းများ ထောင်ထားသည်ဆိုသဖြင့် ဝင်ရောက်ငြှိမ်းသတ်နိုင်ခြင်း မရှိဖြစ်နေကြောင်း ဒေသခံအချို့က ပြောဆိုသည်။
“(မီးလောင်ရာမှာ) ကွမ်းသီးခြံတွေလည်း ပါကုန်ပြီ။ ရော်ဘာခြံတွေလည်း ပါတယ်။ ဒူးရင်းခြံကလည်း ခြံကြီးပဲ ထိုင်းမျိုးရင်း ကိုင်းကူးသီးတွေ အသီးသီးနေတာတွေလည်း ပါတယ်။ မိုင်းတွေထောင်ထားတယ် ဥယျာဉ်ခြံထဲမသွားနဲ့ဆိုပြောထားတော့ ဘယ်သူမှ ဝင်မရဲကြဘူး။ ဒီအတိုင်း ရင်နာနနာနဲ့ ရပ်ကြည့်နေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် မီးငြှိမ်းသတ်နိုင်ခြင်းမရှိသလို မီးတားလမ်းလည်း ဝင်ရောက်လုပ်နိုင်စွမ်းမရှိသဖြင့် နောက်ထပ် ဥယျာဉ်ခြံနှင့် နေအိမ်များဘက်သို့ပါ မီးကူးစက်ရောက်ရှိလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများ ဆိုသည်။
စီးပွားရေးလုပ်ငန်းရှင် ဦးလှသန်းပိုင်သည့် ရော်ဘာခြံနှင့် ထိုင်းမျိုးရင်း ဒူးရင်းခြံမှာ ဧကထောင်ဂဏန်းထိရှိပြီး အဆိုပါခြံများ မီးလောင်သည့် အကြောင်းအရင်းကိုမူ တိတိကျကျ မသိကြောင်း ဒေသခံများက ဆိုသည်။
ဆင်ထိုးကြီးရွာထဲတွင် KNLA တပ်ဖွဲ့က ဝင်ရောက်တပ်စွဲထားပြီး ဒေသခံများကို ရွာထဲဝင် ခွင့်မပေးသဖြင့် လနှင့်ချီကြာ စစ်ဘေးရှောင်နေရသည့် ဒေသခံများမှာ စားရေး၊ နေရေးနှင့် ငွေကြေးအခက်အခဲများစွာကြုံတွေ့နေရကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။
မြေမြှုပ်မိုင်းထောင်ထားသည့်ကိစ္စနှင့်ပတ်သက်၍ KNLA တပ်ရင်း ၁၂ တပ်ခွဲ (၃) တပ်ခွဲမှူးထံ Dawei Watch က ဖုန်းဖြင့်ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်း၍ မရသေးပေ။ မြေမြှုပ်မိုင်းကိစ္စများနှင့်ပတ်သက် KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားထံသို့ စာပေးပို့မေးမြန်းထားရာတွင် ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
၂၀၂၄ ခုနှစ် ဩဂုတ်လတွင် အင်းမရွာရှိ ဦးလှသန်းပိုင်၏ ပြည့်ဖြိုးထွန်းကုမ္ပဏီ အဆောက်အုံနှင့် အလုပ်သမားတန်းလျားကို KNLA မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။