ပုလောမြို့နယ် တပိုရွာတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားတစ်ဦး စစ်ကြောရေးတွင် သေဆုံးသွားကြောင်း ဒေသခံအချို့နှင့်မိသားစုဝင်ထံမှ သိရသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တပိုကျေးရွာအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က အရပ်သားသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ဆိုသည်။
ဦးကြည်စိုး၊ ဦးမျိုးထိုက်ဦး၊ ဦးတင်ဝင်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ၎င်းတို့အနက် အသက် ၄၅ နှစ်အရွယ် ဦးကြည်စိုးမှာ စစ်ကြောရေးတွင် သေဆုံးသွားသည်ဟုသိရကြောင်း သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ဆိုသည်။
“ဆုံးသွားတာ အို(ကျွန်မ)အစ်ကိုပါ။ ဖြေဖို့နဲ့ ပြောဖို့တောင်အားမရှိတော့ဘူး”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က ဦးကြည်စိုးအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မြိတ်မြို့ ရွှေဘေးကျေးရွာရှိ အမှတ် ၁၀၃ ခြေလျင်တပ်ရင်းရှိ စစ်ကြောရေးစခန်းတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း အထက်ပါ မိသားစုဝင်က ဆိုသည်။
ဦးကြည်စိုးအား ဖမ်းဆီးခေါ်ဆောင်သွားသည့်နေ့မှစကာ မည်သည့်အဆက်အသွယ်မှမရဘဲ ၁၈ ရက်ခန့်ကြာပြီးချိန်မှ သေဆုံးသွားသည်ကို သိရကြောင်း မိသားစုထံမှ သိရသည်။
ဦးကြည်စိုးမှာ အဖမ်းမခံရမီကတည်းက နေမကောင်းဖြစ်နေသူဖြစ်ပြီး ဖမ်းဆီးသွားချိန်တွင် စစ်ကောင်စီတပ်သားများက ရိုက်နှက်နှိပ်စက်ထားသည့် ဒဏ်ရာများကိုတွေ့ရကြောင်း တပိုကျေးရွာဒေသခံတစ်ဦးက ဆိုသည်။
“သူကနှိပ်စက်ခံထားရတော့ အားလည်းတော် တော်ပြတ်နေတယ်ကြားရတယ်။ အရင်ကတည်းက ကျန်းမာရေး မကောင်းတဲ့သူလေ။ စစ်ကြောရေးမှာဆုံးသွားတာ”ဟု အဆိုပါဒေသခံကပြောသည်။
အဖမ်းခံထားရသည့် နောက်ထပ်အရပ်သားနှစ်ဦးအနက် ဦးမျိုးထိုက်ဦးကို မြိတ်မြို့နယ် တရားရုံးတွင် စွဲချက်တင်ထားသည်ဟုသိရပြီး ဦးတင်ဝင်း၏ အခြေအနေကိုမူ အသေးစိတ်မသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။
စစ်ကောင်စီတပ်က တပိုကျေးရွာနေ အရပ်သားများကိုဖမ်းဆီးပြီး ကော့သောင်းထောင်၊ မြိတ်ထောင်တို့တွင် ဖမ်းဆီးချုပ်နှောင်ထားသူ ၁၅ ဦးဝန်းကျင်ရှိပြီး အသတ်ခံရသူ ၃ ဦးအထိရှိကြောင်း ဒေသခံများထံမှ သိရသည်။