ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာတွင် ၄ နှစ်ကြာရပ်နားထားသည့် ဟိန္ဒူဘာသာဝင်များ၏ အပ်ထိုးပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ကြောင်း ဆာရီကာလီယမ္မာမယ်တော် ဟိန္ဒူဘုရားကျောင်းဂေါပကအဖွဲ့ နှင့် ဒေသခံ ဟိန္ဒူဘာသာဝင်များထံမှ သိရသည် ။
ဇန်နဝါရီလ ၂၆ ရက်မှ ၂၉ ရက်အထိ ၄ ရက်ကြာ ဘုရားကျောင်းတွင် ပူဇော်ပွဲ ကျင်းပခဲ့ကြောင်း နောက်ဆုံးရက်တွင် ဟိန္ဒူဘာသာထုံးတမ်းအရ ဥပုသ်စောင့်ထားသူများ အပ်ထိုး၍ ဘုရားကျောင်းတည်ရှိသည့် ဗိုလ်ချုပ်ရပ်ကွက်ကို တစ်ပတ်လှည်လည်ခဲ့ကြောင်း ဂေါပကအဖွဲ့ထံကသိရသည်။
အဆိုပါ အပ်ထိုးပွဲကို မီးနင်းပွဲ ၊ ဓားတက်ပွဲများနှင့်အတူ ၁၉၉၄ ခုနှစ်မှစ၍ ကံပေါက်ကျေးရွာတွင် ကျင်းပခဲ့ပြီး ကိုဗစ်ကာလကတည်းက မကျင်းပဘဲ ရပ်နားထားခဲ့ခြင်းဖြစ်သည်။
ယခုနှစ်တွင် မီးနင်းပွဲ နှင့် ဓားတက်ပွဲကို ထည့်သွင်းကျင်းပခြင်းမရှိဘဲ အပ်ထိုးပွဲတစ်ခု တည်းကိုသာ ပြန်လည်ကျင်းပခြင်းဖြစ်သည်။
“အပ်ထိုးပြီး ရပ်ကွက်တစ်ပတ် ဘုရားလှည့်လည်တာပါ။ မီးနင်းပွဲနဲ့ ဓားတက်ပွဲကတော့ ကျင်းပဖို့အစီစဥ်မရှိသေးပါဘူး။ အကျဥ်းရုံးပြီး ရွာလယ်မှာရှိတဲ့ ရွှေစေတီဘုရားရှေ့မှာ တစ်ပတ်လှည့်ပြီး လှည့်လည်ပူဇော်ခံတာ လောက်ပါပဲ” ဟု ဒေသခံ ဟိန္ဒူဘာသာဝင် တစ်ဦးကပြောသည်။
အပ်ထိုးရန် ဥပုသ်စောင့်သူ အရေအတွက်မှာလည်း ကိုဗစ်မတိုင်မီက ကျင်းပခဲ့သည့် ဘုရားပွဲများထက် အလွန်လျော့နည်းသည်ဟု ၎င်းကပြောဆိုသည်။
ထားဝယ်မြို့ ၊မြောက်ရွာရပ်ကွက် ရှိ စရီးစူဠာမဏိဘုရားကျောင်းတွင်လည်း ဖေဖော်ဝါရီ ၆ ရက်မှ ၁၁ ရက်အထိ ဘုရားပွဲကျင်းပပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အပ်ထိုးပွဲကျင်းပ၍ ထားဝယ်မြို့တွင်းလှည့်လည်မည်ဟု မားဿားဆဂွန်းလ်ဟိန္ဒူဂေါပက အဖွဲ့ကကြေညာထားသည် ။