သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက် ထားဝယ်-မြိတ်ကားလမ်းပေါ် က သံတံတားရှိ ပျူစောထီးဂိတ်နှင့် သရက်နှစ်ရွာ တံတားရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တို့သည် ဒေသခံများထံမှ ငွေကြေးတောင်းယူမှု တစ်နှစ်ခန့်ကြာလာပြီဖြစ်ပြီး ဒေသခံများ အခက်အခဲကြုံတွေ့နေကြောင်း ဒေသခံများက ပြောသည်။
ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်းသွားသည့် ခရီးသည်တင်ယာဉ် မှန်လုံကားများ၊ ကုန်တင်ကားများ၊ အိမ်စီးကားများကို စစ်ဆေးပြီး ငွေကြေးတောင်းသည့်အပြင် မြို့နယ်အတွင်းဖြတ်သန်းသွားလာသည့် ဒေသခံများထံမှလည်း ငွေကြေး တောင်းယူ နေကြောင်း စုံစမ်းသိရှိရသည်။
သရက်ချောင်း-ထားဝယ် ခရီးတိုသွားသည့် ခရီးသည်များကို သံတံတားဂိတ်က တစ်ဦးလျှင် ငွေကျပ်နှစ်ထောင်နှုန်း တောင်းပြီး သရက်နှစ်ရွာဂိတ်ကလည်း နှစ်ထောင်ကျပ်နှုန်း တောင်းယူကြောင်း ဒေသခံများက ဆိုသည်။
“ကားသမား ပေးရတာကသပ်သပ်၊ ခရီးသည်တွေဆီမှာ တောင်းတာကသပ်သပ်။ ကားရပ်ရင်မေးတယ်၊ ဘယ်ကလဲ ဘယ်သွားမှာလဲ၊ ဘာကိစ္စလဲဆိုပြီး။ ပိတိုင်ရွာကလို့ပြောတာ တစ်ယောက် ၂၀၀၀ ပေးတဲ့။ ကျွန်တော်တို့လည်း မပေးချင် ပေမယ့် ကိုယ်သွားမယ့်ခရီး သာယာဖြောင့်ဖြူးအောင် ပေးလိုက်ရတာပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယင်းအပြင် ရော်ဘာ၊ ကွမ်းသီးတင်ဆောင်လာလျှင်လည်း ကုန်စည်အတွက် သုံးထောင်ကျပ်မှ ငါးထောင်ကျပ်ကို သီးခြား ထပ်ဆောင်း တောင်းယူသေးကြောင်း ၎င်းက ပြောဆိုသည်။
“ရော်ဘာတင်လာရင် ရော်ဘာကားမှာ ပိုက်ဆံတောင်းတယ်။ ကြက်တွေတင်လာရင် ကြက်တစ်ကောင်၊ နှစ်ကောင် အလကား တောင်းတယ်၊ ဝက်သားသည်လာရင် ဝက်သားတောင်းတယ်၊ ပေးဆို ဘယ်သူကပေးချင်မလဲ၊ ကိုယ့်ပိုက်ဆံ တစ်ပြားတစ်ကျပ်တောင် မပေးချင်ဘူး” ဟု ပိတိုင်ရွာက အမျိုးသမီးတစ်ဦးက ပြောသည်။
သရက်နှစ်ခွရွာတံတားဂိတ်မှာ စစ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသည့် စစ်ဆေးရေးဂိတ်ဖြစ်ပြီး သရက်ချောင်း မြို့မရပ်ကွက် သံတံတားပျူစောထီးဂိတ်မှာ ၂၀၂၄ ခုနှစ် မတ်လခန့်တွင် ပေါ်ပေါက်လာသည့် စစ်ဆေးရေးဂိတ်ဖြစ်သည်။ မြို့မရပ်ကွက် သံတံတားဂိတ်တွင် ပျူစောထီးနှင့် ပြည်သူစစ်တပ်ဖွဲ့ဝင် ၁၀ ကျော်ရှိပြီး စစ်ကောင်စီတပ်က ဒုအရာခံဗိုလ်အဆင့် အပါအဝင် သုံးဦးခန့်က ကြီးကြပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပျူစောထီးဂိတ်သည် မြို့ပေါ်ရပ်ကွက်က အလှူအတန်းနှင့် မင်္ဂလာပွဲသွားသည့် ကားပေါ်က ဒေသခံများထံမှလည်း ငွေကြေးတောင်းယူကြောင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
“တောင်းနေတာကတော့ ဂိတ်စဖွင့်ကတည်းကပဲ။ ပြောတုန်းခဏလောက်ပဲငြိမ်သွားတယ်၊ ပြီးရင်ပြန်တောင်းတာပဲ။ ကျွန်တော်တို့လည်း ပြောတာပဲ မြို့ပေါ်ရပ်ကွက်က လူတွေကိုတော့ မလုပ်နဲ့ပေါ့နော်။ ခင်ဗျားတို့ ဟိုင်းဝေးသွားတဲ့ ကားတွေမှာ တောင်းတာတော့ ကိစ္စမရှိဘူးပေါ့နော်။ ပြောစရာတွေဖြစ်လာမယ်လို့ပြောတာ ပြောလည်း ပြောတုန်းခဏပဲ၊ အခုနောက်ပိုင်းမြို့ပေါ်ရပ်ကွက်က လူတွေကိုပါ တောင်းနေတယ်လို့ ပြန်ကြားနေရတယ်” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် စစ်ဆေးရေး ဂိတ်တစ်ခုတွင် ခရီးသည်တစ်ဦးလျှင် နှစ်ထောင်ကျပ် ပေးရသဖြင့် ဂိတ်နှစ်ခုကို အသွားအပြန် ပေးရသည့်ငွေမှာ ရှစ်ထောင်ကျပ် ကုန်ကျကြောင်း ဒေသခံအချို့က ပြောဆိုသည်။
“အကုန်လုံး ခက်ခဲကျပ်တည်းနေတဲ့ကာလမှာ ပိုက်ဆံလိုက်တောင်းစားနေတော့ ပြည်သူတွေမှာ ပိုပြီးခက်ခဲကျပ်တည်းတာ ပေါ့။ ကျောင်းပိတ်လို့ အိမ်အလည်ပြန်လာတဲ့ ကျောင်းသားတွေတောင်မချန်ဘူး ပိုက်ဆံတောင်းတာ။ ပြန်မပြောသာလို့သာ ပေးနေရတာ” ဟု ပြင်းဖြူကြီးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၂၆ရက်က ပြင်းဖြူကြီးရွာမှ ထားဝယ်မြို့ရှိ မင်္ဂလာဆောင်သို့သွားသည့် လူနှစ်ဆယ်ကျော်ပါသည့် ကားသုံးစီးကို မြို့မရပ်ကွက် ပျူစောထီးဂိတ်က တစ်စီးလျှင် ကျပ်သုံးသောင်းတောင်းယူသဖြင့် ပေးခဲ့ရသေးကြောင်း ၎င်းက ဆိုသည်။
ဝဲရစ်ကျေးရွာက ကျောင်းသားမိဘအမျိုးသမီးတစ်ဦးကလည်း “(မြို့မရပ်ကွက်) အဲဒီဂိတ်က ကျောင်းသားတွေကိုတောင် အလွတ်မပေးဘူး။ ကျောင်းသားတွေဆီမှာလည်း ပိုက်ဆံတောင်းတာပဲ။ ကျောင်းပိတ်ရင် ကလေးတွေရွာခဏ ပြန်လာကြ တယ်လေ၊ အတက်ရော အဆင်းရောပေးရတယ်” ဟု ပြောဆိုသည်။
မြို့မရပ်ကွက် ပျူစောထီး ဂိတ်တွင် ဆိုင်ကယ်များလည်း ဆင်းတွန်းပြီးသွားရသည့်အပြင် စမတ်ကတ် စစ်ဆေးနေသဖြင့် မြို့မရဲစခန်းတွင် နေ့စဉ်နီးပါး စမတ်ကတ် လုပ်ရန်တန်းစီနေရကြောင်း ၎င်းက ဆိုသည်။
သရက်ချောင်းမြို့နယ်မှ ထားဝယ်မြို့သို့ သွားလျှင် ဝင်းဝတံတား စစ်ဆေးရေးဂိတ်၊ မြို့မရပ်ကွက်တံတားရှိ ပျူစောထီး စစ်ဆေးရေးဂိတ်၊ သရက်နှစ်ခွရွာ စစ်ဆေးရေးဂိတ်၊ ရွှေဂူတောင်တံတား စစ်ဆေးရေးဂိတ်နှင့် ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ် ငါးခုရှိသည်။
ဝင်းဝ၊ ရွှေဂူ၊ ပေါက်တိုင်းစစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမေးမြန်းမှုရှိသော်လည်း ခရီးတိုသွားသည့် ဒေသခံများတွင် ငွေကြေးတောင်းခံခြင်း မရှိကြောင်း ဒေသခံများထံမှ သိရသည်။