BREAKING
February 23, 2025

လောင်းလုံး၊ ကမြောကင်းတံတားကိုဖြတ်၍ စားသောက်ကုန်သယ်ယူမှု စစ်ကောင်စီတင်းကြပ်

January 29, 2025

ဓာတ်ပုံ - Dawei Watch

စစ်ကောင်စီဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဇန်နဝါရီ ၂၈ ရက်နံနက်ပိုင်းမှစ၍ ကမြောကင်းတံတားစစ်ဆေးရေး ဂိတ်တွင် စားသောက်ကုန်သယ်ယူမှုများကို ပိုမိုတင်းကြပ်စွာ စစ်ဆေးနေကြောင်း လောင်းလုံး ဒေသခံနှင့်ခရီးသွားများကပြောသည်။

ယခင်က လောင်းလုံးဒေသခံများ တစ်ပိုင်တစ်နိုင်စားသောက်ကုန်များကို သယ်ယူခွင့်ပြုထား သော်လည်း ဇန်နဝါရီ လ ၂၈ ရက်နေ့က စပြီး ဆန်၊ဆီ ၊ခေါက်ဆွဲခြောက်နှင့် အခြားမီးဖို ချောင်သုံးကုန်ပစ္စည်းများကို စစ်ဆေးရေးဂိတ်၏ ခွင့်ပြုသလောက်သာ သယ်ယူခွင့်ရတော့ကြောင်း လောင်းလုံးဒေသခံတစ်ဦးကပြောသည်။

” ကြက်သွန်နီဆို တစ်ပိဿာ၊ ပဲတီဆို တစ်ထုတ် အဲလောက်ပဲရတော့တယ်” ဟု လောင်းလုံးဒေသခံတစ်ဦးကပြောသည်။

ကမြောကင်းတံတားသည် ထားဝယ်မြို့ မှ ကုန်စည်များကို လောင်းလုံးနှင့် ရေဖြူမြို့နယ်များသို့ သယ်ဆောင်ရာတွင် အသုံးပြုသည့် အဓိကလမ်းကြောင်းဖြစ်‌သည်။

“ကမြောကင်းတံတားက ထားဝယ်၊လောင်းလုံး၊ရေဖြူ အဓိကဆက်သွယ်ရေးလမ်းကြောင်းပဲ ဒေသခံတွေ ဒီထက်ပိုပြီး အခက်အခဲဖြစ်ဖို့ပဲရှိ တော့တယ် “ဟု လောင်းလုံးဒေသခံတစ်ဦးကသုံးသပ် ပြောဆိုသည်။

ယနေ့နံနက် ထားဝယ်မြို့သို့ ဈေးဝယ်သွားသည့် ‌လောင်းလုံးဒေသခံများ စားသောက်ကုန်၊မီးဖို ချောင်သုံးပစ္စည်းများ သယ်မရသဖြင့် မဝယ်ခဲ့ရဘဲ ပြန်လှည့်လာခဲ့ကြရပြီး လောင်းလုံးရှိ ကုန်စုံဆိုင်အချို့တွင် ရသလောက်လိုက်ဝယ်ရသည်ဟု လောင်းလုံးဒေသခံအချို့ကပြောသည်။

ယင်းအပြင် လက်ရှိမှာတရုတ်နှစ်သစ်ကူးချိန်ဖြစ်၍ တရုတ်ရိုးရာ ပူဇော်ပွဲများတွင် အဓိကအသုံးပြုသည့် ခေါက်ဆွဲ၊ကြာဆံနှင့် အခြားစားသောက်ကုန်ပစ္စည်းများလည်း ဝယ်မရသည့်အတွက် တရုတ်ရိုးရာ ပူဇော်ပွဲလုပ်လိုသူများ အခက်အခဲဖြစ်နေကြသည်ဟုဆိုသည်။

ယခင်က နံနက် ၅ နာရီတွင်ပုံမှန် ဖွင့်‌ပေးသည့် ကမြောကင်းတံတားမှာလည်း တိုက်ခိုက်ခံရပြီးနောက် ယနေ့နံနက်ပိုင်းကစပြီး နံနက် ၆ နာရီခွဲမှသာ ဖွင့်လှစ်ပေးတော့ကြောင်း ခရီးသွားဒေသခံများက ပြောသည်။

ကမြောကင်းတံတား ဖွင့်လှစ်ချိန် နောက်ကျသည့်အတွက် ဒေသခံဈေးသည်များ ဈေးရောင်းသည့် အချိန်မမီတော့၍ အခက်အခဲဖြစ်ကြရကြောင်း ဒေသခံဈေးသည်များကပြောသည်။

ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် မောင်မယ်ရှောင်တွင် စစ်ရေးတင်းမာနေ၍ ရေဖြူမြို့နယ်ရှိ ထားဝယ်မြစ်၏ အနောက်ကမ်း ဒေသခံများနှင့် ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာရှိ နဘုလယ်ဒေသခံများသည် ထားဝယ်မြို့ပေါ်သို့ ရိက္ခပစ္စည်းများ သွားရောက်ဝယ်ယူရာတွင် ရေဖြူတံတားလမ်းကို အသုံးမပြုကြတော့ဘဲ လောင်းလုံးဘက်ခြမ်း ကမြောကင်းတံတားကိုသာ အဓိကထားအသုံးပြုနေကြရသည်။

ဇန်နဝါရီ ၂၇ ရက်နေ ညပိုင်းတွင် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ကို ဒူရကစစ်ကြောင်းဦးဆောင်၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း ဇန်နဝါရီ ၂၈ ရက်နေ့ကထုတ်ပြန်ထားသည်။