ကွမ်းသီးမှည့်ရာသီ ကုန်ခါနီးချိန်တွင် ကွမ်းသီးမှည့်တစ်လုံးလျှင် ၁၂၀ ကျပ်ဝန်းကျင်အထိ ဈေးကောင်းရနေကြောင်း ကွမ်းသီးစိုက်တောင်သူများနှင့် ဈေးကွက်အတွင်းမှ သိရသည်။
ကွမ်းသီးမှည့် ရာသီအစဖြစ်သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလဝန်းကျင်က ကွမ်းသီးမှည့်တစ်လုံးလျှင် ခုနှစ်ဆယ်ကျပ် ဝန်းကျင်ဈေးရှိခဲ့ရာမှ လက်ရှိတွင် ကျပ်တစ်ရာကျော်အထိ ဈေးမြောက်နေကြောင်း ကွမ်းသီးအဝယ်ဒိုင်ပိုင်ရှင် အချို့က ဆိုသည်။
“အမှည့် ရာသီကုန်တော့မယ်ဆိုတော့ ရှားလာပြီလေ။ အလုအယက်ဝယ်စုနေကြတယ်” ဟု တနင်္သာရီမြို့နယ်နေ ကွမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။
ကွမ်းသီးရာသီတစ်ခုလျှင် ကွမ်းပင်တစ်ပင်က ကွမ်းသီးအလုံးရေ ပျမ်းမျှ ၃၀၀ ဝန်းကျင်အထိ သီးလေ့ရှိသည်။
ပြီးခဲ့သည့်နှစ် ကွမ်းသီးရာသီကမူ ကွမ်းသီးမှည့်တစ်လုံးလျှင် ၃၀ကျပ် မှ ၄၅ကျပ်ဝန်းကျင်သာ ဈေးပေါက်ခဲ့သည်။
ကွမ်းသီးအနုထွက်ချိန်က ဈေးကောင်းရသည့်အတွက် တောင်သူအများစုက ဆွတ်ခူးရောင်းချကြရာက ကွမ်းသီးအမှည့်ရှားနေခြင်းဖြစ်ကြောင်း ကွမ်းစိုက်တောင်သူများက ဆိုသည်။
“အရင်နှစ်ကဆို သုံးလပိုင်းလောက်မှ ကွမ်းသီးကုန်တယ်။ဒီနှစ် အထွက်ကလည်းနည်းတယ်။ တစ်လပိုင်း တောင်မကုန်သေးဘူး ကွမ်းသီးကုန်ပြီ” ဟု ဘုတ်ပြင်းမြို့နယ်ရှိ ကွမ်းခြံပိုင်ရှင်တစ်ဦးက ပြောသည်။
တနင်္သာရီတိုင်းအတွင်း တိုက်ပွဲအရှိန်မြင့်လာသည့်အတွက် အန္တရာယ်ရှိသဖြင့် ကွမ်းစိုက်တောင်သူများမှာ ဥယျာဉ်ခြံများအတွင်းသို့သွားလာနိုင်ခြင်းမရှိဘဲ ကွမ်းသီးခြံများ ပစ်ထားရသည်။
ဘုတ်ပြင်းမြို့နယ်နှင့် တနင်္သာရီမြို့နယ် အပါအဝင် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ကွမ်းသီးပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြသည်။