“မရှိတောင့်တ၊ ရှိကြောင့်ကြ” ဆိုရိုးသည် အလကား ဆိုကြသည်တော့ မဟုတ်။
မရှိ၊ မပြည့်စုံသည့် ကျွန်တော်တို့ နိုင်ငံတွေမှာတော့ ကိုဗစ်ကာကွယ်ဆေးအတွက် ငွေတွေ အလှူခံ ကြ၊ ကိုဗစ် ကာကွယ်ဆေးအတွက် မျှော်နေကြသည့် အချိန်မှာ အချို့ ပြီးပြည့်စုံသည့်အနောက် နိုင်ငံတွေနဲ့ အချို့ အာရှနိုင်ငံတွေမှာ ကိုဗစ် ကာကွယ်ဆေးတွေ စပြီး ထိုးနှံ နေကြပြီး ကြောင့်ကြစိုးရိမ်မှုတွေ ရှိနေကြတယ်။
ကိုယ့်နိုင်ငံတွေက အဲသည် ကိုဗစ် ၁၉ ကာကွယ်ဆေးသာ ရလာခဲ့လျှင် အနိုင်တိုက်နိုင်ပြီလို့ ထင်ပြီး သူရဲကောင်း မျှော်နေကြသလို ကာကွယ်ဆေး အခမဲ့ လာထိုးပေးရင် ငါတို့ ကိုဗစ်ကို မမှုရ တော့ဟု အတွေးတွေနဲ့ ကာကွယ်ဆေးတွေကို တောင့်တနေကြချိန်မှာ ကာကွယ်ဆေးတွေ စပြီးထိုးနှံပေးနေသည့် နိုင်ငံတွေမှာ ကြောင့်ကြပူပန် စိုးရွံ့မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်။ အချို့က ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ဓာတ်မတည့်မှု ကြောင့် ဖြစ်နိုင်ချေတွေကို တွေးဆရင်း ကြောက်လန့်နေကြတာ လူမှုမီဒီယာတွေမှာ မြင်နေ ကြရတယ်။ နော်ဝေမှာ “ငါတို့ ခန္ဓာ၊ ငါတို့ရွေးချယ်ခွင့်” လို့ အဓိပ္ပာယ်ရတဲ့ “ Our Body, Our Choice” ဟူသော စာတွေ ရေးသားထားတဲ့ ကတ်ပြားတွေ ကိုင်မြှောက်လို့ ကာကွယ်ဆေးကို ငါတို့ ထိုးချင်မှ ထိုးမယ်၊ မထိုးချင် မထိုးဘူး ရယ်လို့ ဆန္ဒပြနေကြသည်ကိုလည်း တွေ့နေရပါတယ်။
အမေရိကန်နိုင်ငံမှာ ကာကွယ်ဆေး ကို ဒီဇင်ဘာလလယ်ပိုင်းမှာ စတင် ထိုးနှံ ခွင့် ခွင့်ပြုခဲ့ပြီး ဇန်နဝါရီလမှာ လူဦးရေ ကိုးသန်းကျော် ထိုးနှံခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဲသည်အနက်က ဆေးနဲ့ ဓာတ်မတည့်မှု ၂၉ဦး ပဲရှိခဲ့တယ်။ အပြင်းအထန်ဆိုးရွားတာ တစ်ဦးပဲရှိခဲ့တယ်လို့ ဆိုခဲ့ကြပေမယ့်လို့ မနေ့ကပဲ ဖလော်ရီဒါ ပြည်နယ်မှ အသက် ၅၆ နှစ်အရွယ် သားဖွားမီးယပ် ဆရာဝန် ဒေါက်တာ မစ်ချဲလ်ဟာ ကာကွယ်ဆေးထိုးပြီး ၁၆ ရက်အကြာမှာ သာမန်မဟုတ်တဲ့ ဦးနှောက်တွင်း သွေးယိုစီးမှု ပြဿနာနဲ့ ကွယ်လွန်ခဲ့ရတဲ့အခါ အဲသည် ကိုဗစ် ၁၉ ကာကွယ် ဆေးရဲ့ ဘေးကင်းမှုအပေါ် သံသယတွေ ရှိလာခဲ့ကြပါတယ်။
အလားတူ နော်ဝေနိုင်ငံမှာလည်း ကာကွယ်ဆေး စုစုပေါင်း ၄၂၀ဝ၀ ကို ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး အဲဒီအနက် က ၂၃ ဦး သေဆုံးခဲ့ရတယ်။ ဒါကြောင့် ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကို စိုးရိမ်တာ၊ ဆေးအပေါ် သံသယ ရှိတာတွေဖြစ်လို့ နေကြတယ်။ သာမန် အားဖြင့် ထိုးနှံပေးတဲ့ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးဟာ အလွန်နည်းပါး လှပါတယ်လို့ အဲသလို လူအများကို အစုလိုက် မထိုးနှံခင်က စစ်တမ်းတွေ အရဆိုကြတယ်။
အိန္ဒိယ နိုင်ငံမှာလည်း ဇန်နဝါရီ ၁၆ ရက်မှာ ပထမဆုံးအကြိမ် လူနှစ် သိန်းနီးပါးကို ကာကွယ်ဆေးတွေ ထိုးနှံပေးခဲ့ကြတယ်။ အောက်စဖို့ဒ်က နည်းပညာနဲ့ထုတ်လုပ်တဲ့ Covi – shield နဲ့ ပြည်တွင်း Bharat Biotech ကထုတ်တဲ့ Covaxin အမည်ရ ကိုဗစ် ၁၉ ကာကွယ် ဆေးနှစ်မျိုးကို ထိုးနှံပေးခဲ့တာဖြစ်ပြီး ဇူလိုင်လ မတိုင်ခင်မှာ လူဦးရေ သန်း ၃၀ဝ အထိ ကာကွယ်ဆေး ထိုးနှံနိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုတယ်။ ထိုးနှံအပြီး အထူးအထွေ ပြဿနာမရှိပေမယ့် ဇန်နဝါရီ ၂၀ ရက်အထိ ကာကွယ်ဆေးထိုးခံအပြီး ဆေးနဲ့ ဓာတ်မတည့်မှုကြောင့် နှစ်ဦး သေဆုံးခဲ့ရတာ သတင်းရရှိထားပါတယ် လို့ ဆိုတယ်။
အလားတူ ထိုင်းနိုင်ငံမှာလည်း ကာကွယ်ဆေး မကြာမတင် ထိုးနှံကြဖို့ ပြင်ဆင်နေကြပါတယ်။ “ငါတို့ဟာ အစိုးရကို စောင့်နေလို့မရဘူး၊ အစိုးရဆီ က ကာကွယ်ဆေး ဘယ်တော့ရမှာလဲဆို တာ မကြိမ်းသေဘူး။ ငါတို့ လောလောဆယ် တရုတ်ကာကွယ်ဆေး အလုံးရေ တစ်သန်းမှာထားမယ်။ နောက် ၉ သန်းအထိ ထပ်မှာထားပြီး အရန်ထားမယ်။ ဆေးရုံပေါင်း ၄၀ နဲ့ မိတ်ဖက် ကုမ္ပဏီတွေကို ရောင်းချပေးမယ် ဆေးနှစ်ကြိမ်အတွက် ဘတ် ၃၂၀ဝ ကျသင့်မယ်” လို့ ထွန်ဘူရီ ထိုင်း ဆေးရုံအုပ်စုမှ အမှုဆောင်အရာရှိချုပ် (CEO) က ဆိုပါတယ်။ ဝီဖဝတီဆေးရုံမှ မော်ဒါနာ အမှတ်တံဆိပ် ကာကွယ်ဆေး အလုံးရေ တစ်သောင်းမှာထားတယ်လို့ ဆိုတယ်။ ထိုင်း FDA အာဏာပိုင်တွေကတော့ ကာကွယ်ဆေး တစ်မျိုးကို သည်အပတ်အတွင်းမှာပဲ အရေးပေါ်အဖြစ် အသုံးပြု ခွင့်ပြုပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုတယ်။
မြန်မာနိုင်ငံမှာတော့ လာမယ့် ဖေဖော်ဝါရီ လဆန်းပိုင်းမှာ ကာကွယ်ဆေး စထိုးနှံနိုင်လိမ့်မယ်လို့ ဆိုနေကြပါတယ်။ အဲသည်အချိန်မယ် အနောက် နိုင်ငံအချို့နဲ့ အာရှနိုင်ငံအချို့လိုပဲ မရှိတောင့်တ၊ ရှိကြောင့်ကြ ဖြစ်လာကြ ဦးမှာ သေချာပါတယ်။
ကာကွယ်ဆေး ဆိုတာက အမှန်အားဖြင့် ရောဂါပိုးနဲ့ ဆင်တူသည့် ပိုးအမျိုးအစားသို့မဟုတ် အဲသည် ရောဂါ ပိုးနဲ့တူတဲ့ ပဋိပစ္စည်း တစ်ခုခုကို ကိုယ်ခန္ဓာကိုယ်အတွင်း ထိုးနှံကာ ခန္ဓာကိုယ်မှ တန်ပြန်ခုခံအားစနစ်ကို နှိုးဆွပေးတယ်။ အဲဒီကတစ်ဆင့် တန်ပြန် ခုခံတွန်းလှန်နိုင်သည့် ပဋိပစ္စည်း ထွက်ပေါ်စေတယ်။ အမှန်ရောဂါပိုး ဝင်ရောက်လာသည့်အခါ ခန္ဓာကိုယ်၏ ခုခံအားစနစ်မှ အလျင်အမြန် ခုခံတွန်းလှန်နိုင်စွမ်းရှိနေအောင် ပြုလုပ်ခြင်းလို့ လွယ်လွယ်ဆိုနိုင်တယ်။
သာမန်အားဖြင့် ဆေးဆိုတာနဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးဆိုတာက အတူယှဉ်တွဲပါလာစမြဲ သဘာဝ ဖြစ်တယ်။ ကာကွယ်ဆေးတွေမှာလည်း ထိုနည်း နှင်နှင်ဖြစ်ပါတယ်။ ကောင်းကျိုးနှင့် ဆိုးပြစ်ကို တစ်ဖက်စီ ချိန်ညှိကာ ကောင်းကျိုးဖက်က အားသာသည့်အခါ ကာကွယ်ဆေးကို ရောဂါကြောင့် ဖြစ်ပျက်လာနိုင်တဲ့ အဖျက်စွမ်းအားကို ထိန်းချုပ်နိုင်ဖို့ အသုံးပြုလာကြရခြင်းလည်းဖြစ်ပါတယ်။
သာမန်အားဖြင့် ကာကွယ်ဆေး တစ်ခု ပေါ်ထွက်လာဖို့ရာ အဆင့်ဆင့် ဖြတ်သန်းကြရတယ်။ ဓာတ်ခွဲ ခန်းမှာ စမ်းသပ်သုတေသနပြုပြီး အဲသည် ရောဂါပိုးကို ကာကွယ်နိုင်တဲ့ ဆေးပစ္စည်း ကို ရလာတဲ့အခါ တိရစ္ဆာန်တွေနဲ့ ပထမ စမ်းသပ်သုတေသနပြုကြရတယ်။ ဆေးရဲ့ ကာကွယ်နိုင်စွမ်း၊ အတိုင်းအဆနဲ့ ဆိုးကျိုး၊ ကောင်းကျိုး၊ ခန္ဓာကိုယ်မှ တုံ့ပြန်မှု၊ ဘေးကင်းလုံခြုံမှု အဆင့်စတာတွေကို သုတေသနပြုကြရတယ်။
အဲသည် အဆင့်ပြီးမြောက်တဲ့အခါ မှ လူသားတွေနဲ့ စမ်းသပ်ကြတယ်။ ပထမအဆင့်မှာ ကျန်းမာတဲ့ စေတနာ့ ဝန်ထမ်းလူသားတွေကို အသုံးပြုပြီး ဆေးပေးထားသူနဲ့ အလားတူဆေးမပေးထားသူ လူအုပ်စုနှစ်စု ယှဉ်ပြီး သုတေသန ပြုကြရတယ်။ လူဦးရေ နည်းနည်းစီပါတဲ့ အုပ်စုနှစ်ခုခွဲပြီး တစ်စုကို ဆေးပေးပြီး ကျန်တစ်စုကိုက ဆေးအစစ်မပေးပါဘဲ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုနဲ့ ရောဂါ ကာကွယ်တဲ့ ပဋိပစ္စည်း ထွက်ရှိမှုကို စံထိုးလေ့လာကြ တာဖြစ်တယ်။ ဆေးပေးထားသူ လူအုပ်စုမှာ ရောဂါကာကွယ် ပဋိပစ္စည်း ထွက်ခြင်းနဲ့ ဘေးထွက်ဆိုးကျိုးတွေ မှတ်သားထားရပြီး အလားတူ လူအုပ်စုတစ်ခုမှာလည်း ဆေးအစစ် မပေးပါဘဲ ဆေးနဲ့ ပုံစံတူပြီး အာနိသင် မရှိတဲ့ ဆေးပေးခြင်းဖြင့် လူအုပ်စုနှစ်ခုလုံးရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေကို မှတ်တမ်းတင် သုတေသနပြုကာ လေ့လာကြရတယ်။ အဲသည်အဆင့်ကို Phase 1 (Small Scale Trial) လို့ ဆိုကြတယ်။ ကာကွယ်ဆေးရဲ့ ဘေးကင်းမှုနဲ့ ထိုးနှံရမယ့် အချိုးအဆကို စမ်းသပ်တဲ့အဆင့် ဖြစ်တယ်။ အဲသည်အဆင့် ရောက်နေတဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေးအမျိုးအစားပေါင်း ၄၁ မျိုးရှိတယ်လို့ WHO ရဲ့ ဇန်နဝါရီလ ၁၆ ရက် ထုတ်ပြန်ချက်အရ ဆိုပါတယ်။
Phase 2 ( Large Scale Trial) မှာ ရာနဲ့ချီတဲ့ စေတနာ့ဝန်ထမ်း ကျန်းမာရေး ကောင်းသူ လူသားတွေနဲ့ စမ်းသပ်သည့် အဆင့်ဖြစ်တယ်။ အဲသည်အဆင့်မှာ ကန့်သတ်လူအုပ်စုနဲ့ ဆေးတွေပေးပြီး ဆေးရဲ့ ထိရောက်မှုနဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှု၊ ဘေးထွက်ဆိုးကျိုးတွေကို မှတ်သား ကြရတယ်။ Phase 2 အဆင့် ရောက်နေပြီးဖြစ်တဲ့ ကိုဗစ် ၁၉ ကာကွယ် ဆေးအမျိုးအစားက ၂၂ မျိုးရှိနေပြီလို့ ဆိုတယ်။
Phase 3 Trial အနေနဲ့ကျတော့ သည့်ထက်ပိုများတဲ့ လူအုပ်စုမှာဆေးတွေပေးပြီး ဆေးရဲ့ အဆိပ်တောက် အဆင့်ကို ထိန်းညှိဖို့၊ ခန္ခာကိုယ်ရဲ့ တုံ့ပြန်မှုနဲ့ ဘေးထွက်ဆိုးကျိုးတွေကို လေ့လာ သုတေသန ပြုကြရတယ်။ တတိယအဆင့်က လူဦးရေအမြောက်အမြားမှာ ထိုးနှံပြီး ထိရောက်မှုအခြေအနေကို လေ့လာတဲ့ အဆင့်လို့ သိကြတယ်။ အဲသည်အဆင့်မှာ ကိုဗစ်ကာကွယ် ဆေးအမျိုးအစားပေါင်း ၂၀ ရှိနေတယ်လို့ WHO ကဆိုတယ်။ အဲသည်အဆင့် (Phase) တွေကို ဖြတ်သန်းပြီးပါမှ သုတေသနနဲ့ စစ်တမ်းတွေအရ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးအဖွဲ့ FDA က ပညာရှင်တွေက အကဲဖြတ် သုံးသပ်ကာ လူသားတွေအတွက် ကောင်းကျိုး ပိုများသည့် ကာကွယ်ဆေးတွေကို ထိုးနှံနိုင်ဖို့ ခွင့်ပြုကြရတာဖြစ်လို့ ဆေးသစ်တစ်မျိုး ပေါ်ပေါက်လာဖို့ နှစ်ပေါင်း များစွာ၊ သုတေသနပေါင်းများစွာကို ဖြတ်သန်းကြရတယ်။
ပဏာမ အဆင့်မို့ အကန့်အသတ်နဲ့ စမ်းသပ်အသုံးပြုနေတဲ့ ဆေးအမျိုးအစား က ၈ မျိုးရှိပြီး၊ အသုံးပြုနိုင်ပြီလို့ ခွင့်ပြုပြီး ဆေးအမျိုးအစားက ၂ မျိုးရှိတယ်။ စမ်းသပ်မှုတွေအပြီး တားမြစ်ခဲ့ရတဲ့ အမျိုးအစားက တစ်မျိုးရှိတယ်လို့ အဲသည် WHO က ထုတ်ပြန်ချက်အရပဲ သိရပါတယ်။ အနည်းဆုံး အမျိုးအစား ၉၈ မျိုးအထိဟာ တိရစ္ဆာန်တွေမှာ စမ်းသပ်ဆဲ အဆင့်ရောက်နေပြီလို့ သူတို့ ထုတ်ပြန်ချက်အရပဲ သိရတယ်။
အမှန် ဘေးကင်းလုံခြုံတဲ့ ရောဂါ ကာကွယ်ဆေးတစ်ခု ပေါ်ပေါက်လာဖို့ အချိန်အများကြီး လိုအပ်ပါတယ်။ လတ်တလော ကိုဗစ် ၁၉ က အဲသည်လောက် အချိန်တွေ မပေးခဲ့ပါဘူး။ ကမ္ဘာ့ ကပ်အသွင် ရုတ်ချည်း ပျံ့နှံ့ကူးစက်ကာ လူသားတွေကို ခြိမ်းခြောက်လာတဲ့အတွက် အလျင်အမြန် အချိန်တိုအတွင်း ကာကွယ်ဆေးကို တီထွင်ဖော်ထုတ်နိုင် ဖို့ ကြံဆ ကြိုးစားကြရတာဖြစ်တယ်။ ဒါကြောင့်အထိ ကာကွယ်မှုပေးနိုင်မယ်ဆိုတဲ့ အချက်ဖြစ်တယ်။
ဘာကြောင့်လဲဆိုတော့ အဆင့် လေးလို့သိကြတဲ့ (Phase 4) အရ ကာကွယ်ဆေး အသုံးပြုခွင့်ပေးပြီးနောက် ဖြစ်ပေါ် နေတဲ့ ဆေးရဲ့ သက်ရောက်မှုနဲ့ ဘေးထွက် ဆိုးကျိုးတွေကို စဉ်ဆက်မပြတ်အကဲ ဖြတ်လေ့လာ သုံးသပ်ဖို့ လိုအပ်နေသေးတာကြောင့်ပဲ ဖြစ်တယ်။
ဒါတွေက ကာကွယ်ဆေးတစ်ခု ထုတ်လုပ် တီထွင်ရာမှာ ဖြတ်သန်းကြရတဲ့ အဆင့်တွေဖြစ်တယ်။
ကိုဗစ် ၁၉ ဗိုင်းရပ်စ်ကာကွယ်ဆေးကို လွယ်လွယ် မဖော်ထုတ်နိုင်တာက ကိုဗစ် ၁၉ ရဲ့ အဖျက် စွမ်းအားနှင့် သဘောသဘာဝကြောင့် ဖြစ်တယ်။ RNA Virus ဖြစ်လို့ အလွယ်တကူ မျိုးဗီဇပြောင်းနိုင်တဲ့အတွက် ကာကွယ်ဆေးကို လွယ်လွယ်နဲ့ မဖော်ထုတ်နိုင်ခဲ့တာ ဖြစ်သလို မျိုးပြောင်းလွယ်တဲ့ ဗီဇကြောင့်လည်း ကာကွယ်ဆေးရဲ့ ထိရောက်မှု ပမာဏကို အာမခံချက်ပေးဖို့ ခက်တယ်။ ရောဂါရဲ့ ပျံ့နှံ့နေမှုနဲ့ အနေအထားအရ အချိန်ကြာကြာမရပါဘဲ အချိန်တိုအတွင်း အလျင်အမြန်ရဖို့ ကြိုးစား ဖော်ထုတ်ကြရတာ ဖြစ်လို့ ယင်းကာကွယ်ဆေးရဲ့ အကျိုးနဲ့ အပြစ်၊ ကောင်းကျိုးနဲ့ ဆိုးကျိုးတို့ကို အသေအချာ သုတေသနပြုဖို့ အချိန်နည်းတာကလည်းအားနည်းချက်တစ်ခုဖြစ်တယ်။
ဒါတွေကြောင့် ကာကွယ်ဆေးအပေါ် အပြည့်အဝ ယုံကြည်ကိုးစားဖို့သာမက အဲဒါကြောင့်ဖြစ်လာနိုင်တဲ့ ဘေးထွက် ဆိုးကျိုးတွေကိုလည်း သေသေချာချာ လေ့လာဖို့ရာ အချိန်အလုံအလောက် မရခဲ့တာကြောင့် သိဖို့ခက်ခဲတယ်။ သေချာစွာ သုတေသန မပြုနိုင်ခဲ့ပါဘဲ လိုအပ်ချက်တွေအရ ဈေးကွက်ထဲ အလျင်အမြန်ရောက်အောင် ဆောင်ရွက်ကြရ တာကြောင့်လည်း အဲဒီဆေးရဲ့ ကာကွယ်နိုင်မှုနဲ့ ဘေးကင်းမှုအပေါ် စိတ်ချလက်ချ မရှိကြတာ ဖြစ်တယ်။
မရှိလည်း တောင့်တ၊ ရှိလည်း ကြောင့်ကြနေကြရဦးမယ့် သည်ကိုဗစ် ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာတော့ လူအားလုံးကို တစ်ပြိုင်နက်တည်း ထိုးနှံ ပေးနိုင်ဖို့ မလွယ်သေးပါဘူး။
သည်ကာလမှာ လက်ကို မကြာခဏ ဆပ်ပြာနဲ့ စင်အောင်ဆေးပါ၊ ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်ပါ၊ လူစုလူဝေး ရှောင်ကြဉ်ပါ ဆိုတဲ့ အလွယ်ကူ အရိုးရှင်းဆုံး ခေတ်သစ်ဘဝပုံစံသစ် Normal Life Style ကို အသေအချာ လိုက်နာကြဖို့ လိုအပ်ပါတယ်။
ကိုဗစ် ၁၉ ကာကွယ်ဆေးကို အားလုံးတပြိုင်တည်း အခမဲ့ ထိုးနှံပေးနိုင်ဖို့ရာ လတ်တလော မလွယ်သေးတဲ့အတွက် မမီတဲ့ စပျစ်သီး ချဉ်တယ် ဆိုကြရမလို လက်ရှိ စမ်းသပ်ဆဲ Phase 3 မှသည် သေချာ သုတေသနပြုအပြီး Phase 4 ကို ကျော်ဖြတ်အပြီး ဘေးကင်းစွာ အသုံးပြုနိုင်မယ့်နေ့မှ ကိုဗစ်ကာကွယ်ဆေး ထိုးကြရမယ်ဆိုရင်ဖြင့်လည်း ခပ်ကောင်းကောင်းပါပဲလို့ အကောင်းမြင်လေးနဲ့ပဲ အားပေးစကားလတ်တလော အခြေ အနေမှာ ဆိုချင်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကတော့ Pfizer, Moderna, Astra Zeneca အပါအဝင် ကိုဗစ်၁၉ ကာကွယ် ဆေးအမျိုးအစား အချို့ကို ဒီဇင်ဘာလ နှောင်းပိုင်းမှာ အသိအမှတ်ပြုဖို့ ရှိနေတယ်လို့ ထုတ်ပြန်ကြေညာ ထားပါတယ်။ နိုင်ငံ တစ်ခုချင်းစီက FDA တွေအနေနဲ့ အသိအမှတ်ပြုပြီး နိုင်ငံတစ်ခုချင်းအလိုက် ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ ထိုးနှံတာတွေကိုတော့ မိမိတို့ အစီအစဉ်နဲ့ မိမိတို့ နိုင်ငံတွေမှာ လုပ်နေကြပါတယ်။ လတ်တလော WHO က အသိမှတ်ပြုဖို့ အဖြစ်နိုင်ဆုံးက Pfizer အမည်ရ ဆေးပါပဲ။
ကိုယ့်နိုင်ငံမှာ ဖေဖော်ဝါရီလဆန်းမှာ ပထမဆုံး ဦးတည် အုပ်စုအချို့မှာ စပြီး ကာကွယ်ဆေးတွေ ထိုးနှံဖို့ စီစဉ်နေတယ်လို့တော့ သိရပါတယ်။
Vaccination လို့ ခေါ်တဲ့ ကာကွယ်ဆေး ထိုးနှံကြတယ် ဆိုရာမယ် ဖျက်အားပြင်း ကူးစက်ရောဂါတစ်ခု ကိုယ့်ကို မကူးစက်နိုင်ဖို့ရာ မိမိတို့ ကိုယ်ကို ကာကွယ်ပေးရုံတင်မကပါဘဲ ကိုယ့်ပတ် ဝန်းကျင်နဲ့ ရပ်ရွာ၊ နိုင်ငံမှာ အဲသည် ကူးစက်ရောဂါကြောင့် သက်ရောက်မဲ့ ထိခိုက်ပျက်စီးမှု အတိုင်းအဆပမာဏ လျော့ကျ စေဖို့ရာ ရည်ရွယ်ရင်း ဖြစ်ပါတယ်။ ကာကွယ်ဆေးကြောင့်ရလာမဲ့ ကောင်းကျိုးနဲ့ ကာကွယ်ဆေးထိုးလို့ ဖြစ်လာနိုင်တဲ့ ထိခိုက်နိုင်ချေ ပမာဏကို အရဲစွန့် လဲလှယ်ကြရတာဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးကြရတော့မယ် ဆိုတဲ့အချိန်မှာတော့ ရောဂါအခံနဲ့ ထိုးနှံလို့မရတဲ့ အခြေအနေ တစ်ရပ်ရပ်မှာ ဖြစ်မနေခဲ့ဘူးဆိုပါလျှင် မပျက်မကွက်၊ မငြင်းမဆန်ပါဘဲ ရဲရဲထိုးနှံ ခံယူကြဖို့ လိုအပ်ပါတယ်လို့တော့ ကြိုတင်ပြီး စကား ပလ္လင်ခံထားပါရစေလား။
ကိုရိုးဆေး