BREAKING
October 18, 2024

အလိုအလျောက် မိုးလေ၀သ တိုင်းတာစက် ၁၁ လုံး တပ်မည်

January 29, 2020

တနင်္သာရီတိုင်းတွင် အလိုအလျောက် မိုးလေ၀သတိုင်းတာ စက် ၆ လုံးတပ်ဆင်ရန် ကနဦးလျာထားသော်လည်း နောက်ထပ် ၅ လုံး ထပ်တိုးပြီး တပ်ဆင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ကနဦးက လောင်းလုံး (မောင်းမကန်)၊ ထားဝယ်(ကလိန်အောင်)၊ ပုလော၊ မြိတ်၊ ကျွန်းစုနှင့် တနင်္သာရီ မြို့နယ်များတွင် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနပိုင် အလိုအလျောက် မိုးလေ၀သတိုင်းတာစက် ၆ လုံးကို တပ်ဆင်ရန် လျာထားသည်။

လက်ရှိတွင် ရေတပ်တပ်ရင်းဘတ် ဂျက်ဖြင့် ၄ လုံး စိုက်ပျိုးရေးဦးစီးဌာန ဘတ်ဂျက်ဖြင့် စက် ၁ လုံး ထပ်တိုးလာ ခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။

ထပ်တိုး စက်များကို လောင်းလုံး၊ ပုလော၊ ကျွန်းစု၊ ကော့သောင်းမြို့နယ်ရှိ ရေတပ်စခန်းများနှင့် စိုက်ပျိုးရေးဌာနတို့တွင် တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးဌာနတွင် တပ်ဆင်မည် ကိုမူ မည်သည့်မြို့တွင် တည်ဆောက်မည်ဟု မသိရသေးပေ။

“ဒီစက်တွေ အကုန်တပ်ဆင်ပြီး သွားရင်တော့ မိုးလေ၀သတိုင်းတာမှုက အရင်ကထက်ကို ပိုပြီးပြည့်စုံလာမယ်။ ဒေသညွှန်ပြမှု ပိုပြီးတော့ အားကောင်း လာမယ်”ဟု ဦးကျော်မိုးခိုင်က ဆိုသည်။

အဆိုပါ စက်များ တပ်ဆင်ရန် ပြင်ဆင်သည့်လုပ်ငန်းကိုလာမည့် ဖေဖော်ဝါရီတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းစက်များကို နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ကွန်ပျူတာစနစ်ဖြင့် ထိန်းချုပ်မည်ဖြစ်ပြီး မိုးလေ၀သ အချက်အလက်များကိုမူ ခရိုင်အရာရှိများက ကြီးကြပ် သွားမည်ဖြစ်ကြောင်း ဦးကျော်မိုးခိုင်က ပြောသည်။

လက်ရှိတွင် ထားဝယ်၊ လောင်းလုံး၊ မြိတ်နှင့် ကော့သောင်းမြို့နယ်တို့တွင် မိုးလေ၀သတိုင်းတာရေးစခန်းများဖွင့်လှစ်ထားပြီး ငလျင်တိုင်းတာရေးစက်မှာ ထားဝယ်မြို့နယ်တွင် တည်ရှိကြောင်း တိုင်းမိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

မိုးမြင့်