BREAKING
December 29, 2024

မေတ္တာဗျူဟာစခန်းသို့ပို့မည့် စစ်ကောင်စီတပ်ရိက္ခာကားကို KNU ဖမ်း

December 28, 2024

ပုံစာ - ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ရိက္ခာများ

ထားဝယ်အရှေ့တောဒေသ မေတ္တာဗျူဟာစခန်းသို့ မြေသယ်ကားဖြင့် ပို့ဆောင်သည့် စစ်ကောင်စီတပ်၏ ရိက္ခာကားတစ်စီးကို ဟိန္ဒူးချောင်းရွာအနီးတွင် ဖမ်းဆီးရရှိကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ဒီဇင်ဘာလ ၂၆ ရက်က ကျောက်မဲတောင်မှ မေတ္တာဘက်သို့ ဆန်အိတ် ၆၈ အိတ်၊ စားသုံးဆီပုံးများနှင့် အခြားစားသောက်ကုန်များ တင်ဆောင်လာသည့် ကားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၂ က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကားသမားကို ကျွန်တော်တို့ ဖမ်းထားတယ်။ ကားသမားက အရပ်သားပဲ။ ကားသမားနဲ့ကားကို လွှတ်ပေးပြီလား၊ မလွှတ်ပေးသေးဘူးလားဆိုတာ အသေးစိတ် တင်ပြလာမှု မရှိသေးဘူး” ဟု ပဒိုစောအယ်နားက ပြောဆိုသည်။

ကားသမားမှာ အရပ်သားဖြစ်နေသည့်အတွက် အရေးယူမည် မဟုတ်ဘဲ သတိပေးသည့်အဆင့်သာရှိမည်ဖြစ်ပြီး ရိက္ခာများနှင့် (မြေသယ်) ကားကိုမူ သိမ်းဆည်းထားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒီဇင်ဘာ ၁၈ ရက်တွင် စစ်ကောင်စီတပ်သည် အင်အား ၂၀၀ ကျော်ဖြင့် ထားဝယ်အရှေ့တောဒေသသို့ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာပြီး ကျောက်မဲတောင်စခန်းသို့ ရောက်ရှိနေကြောင်း ဒေသခံအချို့က ဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ဝကုန်း၊ တောင်သုံးလုံး၊ ရွှေချောင်းက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။