BREAKING
December 29, 2024

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

December 28, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ

မင်းတပ်နဲ့ ကန်ပက်လက်ကို ချင်းညီနောင်သိမ်းယူ

မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ချင်းညီနောင် (CB) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပါတယ်။

မင်းတပ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို နိုဝင်ဘာလ ၉ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လဝက်ခန့်အကြာ ဒီဇင်ဘာလ ၂၁ရက်မှာ မြို့နယ်တစ်ခုလုံးကိုသိမ်းယူထိန်းချုပ်နိုင်ခဲ့တာလို့ ချင်းညီနောင်က ထုတ်ပြန်ပါတယ်။ မြို့သိမ်း တိုက်ပွဲမှာ အာရက္ခတပ်တော် AA က စစ်လက်နက်ခဲယမ်း၊ စစ်ကူနဲ့ စစ်ရေးအကြံဉာဏ်တွေပေးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့သလို ဖမ်းဆီးခံရတာတွေလည်း ရှိခဲ့ပါတယ်။ မြို့သိမ်းယူပြီး နောက်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

ကန်ပက်လက်မြို့သိမ်းစစ်ဆင်ရေးကို ဒီဇင်ဘာလ ၂၂ ရက်မှာ စတင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားတာ ကြောင့် မြို့ကိုသိမ်းယူထိန်းချုပ်နိုင်ခဲ့တယ်လို့ ချင်းညီနောင်က ထုတ်ပြန်ပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာလည်း ကျန်ရှိတဲ့ ခြေလျင်တပ်ရင်း ၂၆၈ ကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို သိမ်းယူပြီးနောက်မှာ နိုင်ငံရေးအကျဉ်းသား ၁၇ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း ပြောဆိုထားပါတယ်။

ပလက်ဝ၊ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းယူထားနိုင်တာကြောင့် ချင်း တောင်ပိုင်းတစ်ခုလုံးကို စစ်ကောင်စီ လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။ ချင်းမှာ မြို့နယ်ကိုးခုထဲက ငါးမြို့နယ်ကို သိမ်းယူ ထားပြီး ကျန်မြို့နယ်တွေမှာလည်း တစ်စိတ်တစ်ပိုင်း သိမ်းထားတာတွေကြောင့် ပြည်နယ်ရဲ့ ၈၅ ရာခိုင်နှုန်းကို တော်လှန်ရေး အဖွဲ့တွေ သိမ်းယူထားနိုင်ပြီလို့လည်း ချင်းညီနောင်ဘက်က ပြောဆိုထားပါတယ်။

……………………………………..

မြို့နယ် ၉၀ကျော် သိမ်းယူထားနိုင်ပြီ

မြန်မာနိုင်ငံတစ်ဝန်း မြို့နယ် ၉၀ ထက်မနည်းကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်တွေက သိမ်းယူထားနိုင်ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

ခရစ္စမတ် ဆုတောင်းစကားပြောရာမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ကလေးသူငယ်တွေ အပါအဝင် ပြည်သူတွေဟာ နေရပ်စွန့်ခွာပြီး ခရစ္စမတ် အချိန်အခါသမယကို ဖြတ်သန်းနေရတဲ့အတွက် အင်မတန်စိတ်ထိခိုက်ရတယ်လို့လည်း ဆိုပါတယ်။

ရှမ်းမြောက်က စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ ရခိုင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွေ သိမ်းယူခံခဲ့ရ သလို နောက်ထပ်တိုင်းစစ်ဌာနချုပ်တွေလည်းကျဆုံးမယ့် အခြေအနေရောက်နေပြီလို့ ယာယီသမ္မတက ပြောပါတယ်။ တိုင်းစစ်ဌာနချုပ်တွေကိုဆုံးရှုံးခဲ့တာဟာ စစ်တပ်အတွက် သမိုင်းတစ်လျှောက်အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရခိုင်၊ ကချင်၊ ချင်းပြည်နယ်တွေမှာ မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ ကျော်ရှိတဲ့အထဲက မြို့နယ် ၁၆၀ ကျော်မှာပဲ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောဆိုထားတာကြောင့် မြို့တွေရဲ့ ထက်ဝက် လောက်ကိုပဲ စစ်ကောင်စီထိန်းချုပ်နိုင်တော့ အခြေအနေဖြစ်ပါတယ်။

……………………………………..

ဘာသာရေးအဆောက်အအုံ သုံးရာကျော် ဖျက်ဆီးခံရ

အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ စစ်ကောင်စီတပ်က ဖျက်ဆီးတာကြောင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံ သုံးရာကျော်ပျက်စီးခဲ့တယ်လို့ NUG အစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

ဒီဇင်ဘာလ ၂၄ရက်က ပြည်သူနဲ့နိုင်ငံတကာကို Press Briefing ပြုလုပ်ရာမှာ အခုလိုထည့်သွင်းပြောဆိုတာပါ။ နိုင်ငံတစ်ဝန်း ခရစ်ယာန်ကျောင်းတစ်ရာခန့်အပါအဝင် ဘာသာရေးဆိုင်ရာအဆောက်အအုံ သုံးရာကျော်ဖျက်ဆီးခံခဲ့ရတာလို့ဆိုပါတယ်။

ဘာသာရေး နေ့ထူးနေ့မြတ်တွေမှာဆိုရင် ပြည်သူကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လေ့ ရှိတယ်လို့လည်း သူက ခရစ္စမတ်မတိုင်ခင် တစ်ရက်အလို့က ပြောဆိုပါတယ်။ ဒါ့ပြင် ဘာသာရေးဆိုင်ရာပုဂ္ဂိုလ် ၂၇၀ ခန့် သေဆုံးဒဏ်ရာရခဲ့သလို ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်နှစ်ရာခန့်ဟာလည်း ဖမ်းဆီးခံရတယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏခံရတဲ့ ကရင်နီ (ကယား) မှာဆိုရင် ဒီဇင်ဘာလ ၂၅ရက် ခရစ္စမတ်နေ့ အခမ်းအနား ကို ကျောက်ဂူထဲမှာ လုပ်ဆောင်ခဲ့ကြတာတွေ့ရပါတယ်။ ပြည်သူတွေ အသက်အန္တရာယ်လုံခြုံစိတ်ချရဖို့အတွက် အခုလို လုပ်ဆောင်ခဲ့ကြတာပါ။ ဒါ့ပြင် တခြား ပြည်နယ်တချို့မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းရန်ကို စိုးရိမ်လို့ ခရစ္စမတ်နေ့ကို အကျဉ်းချုပ် လုပ်ကြတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

……………………………………..

နပခ ဘာကြောင့် အသိမ်းခံရတာလဲ

အမ်းမြို့နယ်မှာ အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ ကို သိမ်းယူခဲ့တာနဲ့ပတ်သက်လို့ အာရက္ခတပ်တော် AA က ရုပ်သံမှတ်တမ်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို ထုတ်ပြန်ရာမှာ နပခ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနဲ့ အင်တာဗျူးကိုပါ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

နပခကို သိမ်းယူရာမှာ စစ်ကောင်စီဆီကနေ သိမ်းယူထားတဲ့ လက်နက်တွေကို အသုံးပြုတိုက်ခိုက်ခဲ့တဲ့အကြောင်း “ရန်သူ့လက်နက် ကိုယ့်လက်နက်” ဆိုပြီး ရုပ်သံမှတ်တမ်းတွေနဲ့တကွ ထည့်သွင်းဖော်ပြတာ​ တွေ့ရပါတယ်။

နပခ ကျဆုံးရတာဟာ စစ်ကူ၊ စစ်ကြောင်းတွေ အချိန်မီမရောက်လာတာ၊ လာတဲ့စစ်ကြောင်းတချို့ကလည်း AA ရဲ့ ဝိုင်းပတ် ချေမှုန်းခံခဲ့ရတာကြောင့်လို့ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ပြောဆိုထားပါတယ်။ နပခရုံးချုပ် လေးဘက်လေးတန် ပိတ်ဆို့ တိုက်ခိုက်ခံရချိန်မှာ ရိက္ခာ၊ ဆေးဝါး၊ လက်နက်ခဲယမ်းပြတ်တောက်ခဲ့သလို ရေဆိုရင် သောက်စရာတောင် မရှိတော့ဘူး လို့လည်း ဆိုပါတယ်။ ဒါ့အပြင် AA ရဲ့ တိုက်ခိုက်မှုပုံစံ၊ တိုက်စွမ်းရည်တွေကြောင့် နပခ သိမ်းယူခံရတာလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ပထဝီအနေအထားအရ စစ်ကူ၊ စစ်ကြောင်းတွေ အလွယ်တကူရောက်လာဖို့ ခဲယမ်းတာကို တိုက်ပွဲ အတွေ့အကြုံအရ သိခဲ့ရတယ်လို့လည်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ပြောဆိုခဲ့ပါတယ်။

ရခိုင်မှာ အခုသီတင်းပတ်အတွင်းမှာ ဧရာဝတီတိုင်းအစပ်က ဂွမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပါတယ်။ တောင်ကုတ်မြို့က စစ်ဆင်ကွက်ကဲမှုဌာနချုပ် (၅) ကို ဒီဇင်ဘာလ ၁၄ ရက်မှာ သိမ်းယူပြီး မြို့နယ်တစ်ခုလုံးကို သိမ်းယူနိုင်ခဲ့တဲ့အကြောင်း ဓာတ်ပုံမှတ်တမ်းတွေကိုလည်း AA က ထုတ်ပြန်ခဲ့ပါတယ်။

……………………………………..

တစ်ရက်တည်း ဓားပြတိုက်မှု သုံးကြိမ်ဖြစ်

ရန်ကုန် အပါအဝင် မြို့တချို့မှာ ဓားပြတိုက် လုယက် ပြန်ပေးဆွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်မှာဆိုရင် ရန်ကုန်၊ မန္တလေးနဲ့ မုံရွာမြို့တွေမှာ တစ်ရက်တည်း ဓားပြတိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာ ဓားပြတိုက်၊ လူသတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး မုံရွာမြို့မှာလည်း ပြန်ပေးဆွဲချိန် ပစ်ခတ်သတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

မန္တလေးမြို့မှာလည်း ဒိုင်းမွန်းပလာဇာအနီးက ရွှေဆိုင်တစ်ဆိုင်ကို သေနတ်ကိုင်ထားတဲ့ အမျိုးသားနှစ်ဦးက ဓားပြဝင်တိုက်ပြီး ရွှေတစ်ပိဿာကျော် ယူသွားတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ဒုတိယပတ်ကလည်း တာချီလိတ်မြို့မှာ ငွေလွှဲလုပ်ငန်းလုပ်ကိုင်တ​ြ့ အမျိုးသားတစ်ဦးကို အမျိုးသားသုံးဦးက ကားနဲ့လာပြီး ပြန်ပေးဆွဲခဲ့ပါသေးတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘဏ်၊ ရွှေဆိုင် အပါအဝင် ဓားပြတိုက်မှုတွေ၊ ပြန်ပေးဆွဲမှုတွေ၊ လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

……………………………………..