လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာက တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
ဒီဇင်ဘာလ ၂၃ရက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံရွာသားများမှာ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခိုလှုံနေရခြင်းဖြစ်သည်။
ကျောက်နီမော် ဒေသခံ စစ်ဘေးရှောင်မှာ ၃၀၀ခန့်ရှိပြီး ၎င်းတို့အတွက် ဆန်နှင့် ရိက္ခာခြောက်များ အရေးပေါ်လိုအပ်လျက်ရှိကြောင်း ကူညီဆောင်ရွက်ပေးနေသည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“(စားနပ်ရိက္ခာ) နှစ်ရက်စာ ဝေထားပြီးပြီ။ လက်ရှိ ကျွန်တော်လက်ထဲမှာ ၁၂ ပြည် ဆန် နှစ်အိတ်ပဲကျန်တော့တယ်။ နောက်ထပ် ဘယ်နှစ်ရက် ရှောင်နေရမယ်မှန်း မသိသေးဘူး။ ရိက္ခာပြတ်သွားမှာပဲ ပူနေရတယ်” ဟု ၎င်းက ပြောသည်။
ကျောက်နီမော်နှင့် အောက်ဘက်ကျေးရွာများကို စစ်ကောင်စီတပ်က လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ထားသောကြောင့် စားနပ်ရိက္ခာများ ပြတ်လပ်လျက်ရှိပြီး အနည်းဆုံးကျေးရွာ ငါးရွာက ဒေသခံများမှာ ရိက္ခာအခက်အခဲဖြစ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
“(ငွေကြေး) တတ်နိုင်တဲ့သူကတော့ ထားဝယ်ဘက်မှာ ရွှေ့ပြောင်း နေကြတယ်။ ဒီမှာရှိနေတဲ့သူတွေက ပိတ်မိနေတဲ့သူတွေနဲ့ ထားဝယ်လိုမျိုးမှာ သွားနေဖို့ မတတ်နိုင်တဲ့သူတွေ အများဆုံးဖြစ်တယ်” ဟု စစ်ဘေးရှောင် ဒေသခံတစ်ဦးက ပြောသည်။
ဒီဇင်ဘာလ ၂၃ ရက်မှ ၂၆ ရက်အထိ လေးရက်အကြာ ကျောက်နီမော်ရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှုရှိပြီး အထိနာသည့်စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၂၄ ရက်တွင် လေကြောင်း ရေကြောင်း အသုံးပြု၍ အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းကြောင့် ကျောက်နီမော်ရွာတွင်နေအိမ် အမြောက်အများ မီးလောင်ပျက်စီးခဲ့ကြောင်း ကျောက်နီမော်ဒေသခံများက ဆိုသည်။
“(နေအိမ်) အရေအတွက်က အတိအကျသိဖို့ခက်တယ်။ ဘုန်းကြီးကျောင်းရှေ့ မုခ်ဦးနဲ့ အနောက်မုခ်ဦး ပတ်လည်မှာ ရှိတဲ့အိမ်တွေ တော်တော်များများ မီးလောင်သွားတယ်လို့တော့ ပြောလို့ရတယ်” ဟု ကျောက်နီမော်ရွာသားတစ်ဦးက ပြောသည်။
ကျောက်နီမော်တိုက်ပွဲကြောင့် အနီးအနားကျေးရွာများဖြစ်သည့် အောက်ကျောက်ဝပ်၊ ကျောက်ဝပ်ပြင်၊ ကျောက်မတ္တပ်၊ ဇလွတ် စသည့်ကျေးရွာများမှ ဒေသခံများသည်လည်း နီးစပ်ရာထွက်ပြေးတိမ်းရှောင်နေပြီး စားနပ်ရိက္ခာများလိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောဆိုသည်။