ထိုင်းနိုင်ငံ လန်ပန်းခရိုင်တွင် အလုပ်ပိတ်ရက် ဟင်းစားရှာရန် ချောင်းထဲ ငါးဆင်းဖမ်းသော မြန်မာနိုင်ငံသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
လန်ပန်းခရိုင်ရှိ ထမ်င်ဒေသတွင် ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေ ၃ နာရီခန့်က မြန်မာနိုင်ငံသား သူငယ်ချင်းနှစ်ဦး ဟင်းစားရှာရန် ချောင်းထဲ ငါးဆင်းဖမ်းခဲ့ကြကြောင်း၊ ၎င်းတို့အနက် အသက် ၂၀ အရွယ် မြန်မာနိုင်ငံသားတစ်ဦးက ချောင်းထဲငါးဖမ်းရင်း ရေနစ်သွားခြင်းဖြစ်ကြောင်း အသက်ရှင်ကျန်ရစ်သူတစ်ဦးက ရဲတပ်ဖွဲ့သို့ ဖြေကြားသည်။
သူငယ်ချင်းဖြစ်သူ ရေနစ်နေသဖြင့် ကူညီကယ်ဆယ်ပေးကြရန် အနီးပတ်ဝန်းကျင်ကို အကူအညီတောင်းသဖြင့် ဒေသခံများက လန်ပန်းကယ်ဆယ်ရေးအဖွဲ့များကို ဖုန်းဆက်အကြောင်းကြား ရှာဖွေကြရာတွင် ဝါးခြုံအောက်တွင် သေဆုံးနေသော ရုပ်အလောင်းကိုသာ တွေ့ရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။
သေဆုံးသူသည် အနီးရှိ ရေခဲစက်ရုံတွင် လုပ်ကိုင်နေသော အလုပ်သမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အလောင်းကို ထင်ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်။
Ref: Lanna Post