ကျွန်းစုမြို့နယ် ပင်လယ်ပြင်တွင် ကမ်းဝေးဝါလတ်(ဒရွတ်ဆွဲပိုက်) ငါးဖမ်းလှေများ ကမ်းနီးဝင် ဖမ်းဆီးမှုများလာကြောင်း ဒေသခံရေလုပ်သားများထံမှ သိရသည်။
အဆိုပါကမ်းဝေးငါးဖမ်းလှေများက ဒုံးရေတံခွန်အရှေ့နှင့် ဗျောကျွန်းအကြားတွင် ဝင်ရောက်ဖမ်းဆီးနေကြသည်မှာ လေးရက်ခန့်ရှိပြီဖြစ်ကြောင်း ကျွန်းစုမြို့နေ ဒေသခံရေလုပ်သားတစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ ကမ်းနီးတွင် ဝင်ရောက်ဖမ်းဆီးခြင်းကြောင့် ဒေသခံမျာ၏ငါးဖမ်းပိုက်များ ဆုံးရှုံးနေရပြီး ပိုက်တစ်ဖုံလျှင် ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းကြား တန်ဖိုးရှိကြောင်း ၎င်းက ပြောသည်။
“ဒေသခံတွေအတွက် ရှုံးဆုံးမှုကတော့ တအားပဲ။ သူတို့(ဒရွတ်ဆွဲငါးဖမ်းလှေ) လာဖမ်းရင် တစ်နိုင်တစ်ပိုင် ရေလုပ်သားတွေ ငါးရတာနည်းမယ်။ ငါးဖမ်း ပိုက်တွေဆုံးမယ်။ တစ်ချို့ ပဲ့နင်းတွေ စာနာတတ်ရင်တော့ ပိုက်တွေပြန်လျော်တာရှိတယ်”ဟု ဒေသခံရေလုပ်သားတစ်ဦးက ဆိုသည်။
လက်ရှိတွင် ငါးဖမ်းပိုက်မည်မျှ ဆုံးရှုံးခဲ့ရသည်ကို တိတိကျကျမသိရသေးကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ ကမ်းဝေးငါးဖမ်းလှေများက ညနေမှောင်ရီပျိုးချိန်တွင် လာရောက်ဖမ်းဆီးလေ့ရှိပြီး နံနက်အရုဏ်တက်ချိန်တွင် ကမ်းဝေးသို့ ပြန်ထွက်သွားလေ့ရှိကြောင်း အဆိုပါဒေသခံက ပြောသည်။
“အခုခေတ် အနေအထားနဲ့ ဘယ်သူ့ကိုတိုင်ရမယ်ဆိုတာထက် တစ်ဖက်နဲ့တစ်ဖက်စာနာထောက်ထားပြီး စည်းကမ်းရှိစေချင်တယ်ဗျာ။ အခုချိန်မှာအားလုံးက ခက်ခဲနေကြတာပဲ” ဟုအဆိုပါရေလုပ်သားက ပြောသည်။
ထိုကဲ့သို့ ကမ်းနီးတွင် ဝင်ရောက်ဖမ်းဆီးနေသည့် ကမ်းဝေးငါးဖမ်းလှေ ခြောက်စီးခန့်ရှိနေကြောင်း ဒေသခံရေလုပ်သားအချို့က ဆိုသည်။
ညအချိန်ဖြစ်သည့်အတွက် ကမ်းနီးဝင်ဆွဲသည့် ဝါလတ်လှေများ၏ အမည်ကို သေသေချာချာမမြင်ရကြောင်း ရေလုပ်သားများက ဆိုသည်။
“အခုလိုလာဖမ်းရင် (ငါးဖမ်း)ပိုက်တွေ ချိတ်ပါသွားတာတို့ဆို ဘယ်သူမှတာဝန်ယူမဖြေရှင်းပေးဘူး”ဟု အထက်ပါ ရေလုပ်သားကပြောသည်။
ကမ်းဝေးငါးဖမ်းလှေများက ကမ်းနီးတွင် ဝင်ရောက်ဖမ်းဆီးကြသည့်အတွက် တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေသည့် ဒေသခံရေလုပ်သားများ၏ ငါးဖမ်းပိုက်ဆုံးရှုံးမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။