တနင်္သာရီတိုင်းကို နယ်မြေစိုးမိုးရေး ပြန်လည်ရရှိလိုနေသည့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ဆက်တိုက်လုပ်ဆောင်လာသလို ထိုးစစ်ဆင်ချိန်နှင့် ပစ်ကူပေးချိန်များတွင် လက်နက်ကြီး၊ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုအားစိုက်လုပ်ဆောင်လာသည်။
ထိုသို့ ပစ်ကူပေးရာတွင် တိုက်ပွဲဖြစ်ပွားသည့် နယ်မြေအပြင်ဘက်ရှိ လူနေရွာများကိုပါ ရမ်းသမ်းပစ်ခတ်သဖြင့် အရပ်သားထိခိုက် သေဆုံးမှုများလည်း မြင့်တက်နေသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အခြေအနေတွင်ပင် လူထူကို အကြောက်တရားဝင်စေရန် လူနေရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်ဗုံးချခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းများ ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။
ယင်းကြောင့်စစ်ကောင်စီ၏ လေကြောင်းရန်နှင့် လက်နက်ကြီးရန်မှ ကာကွယ်နိုင်ရန် ဗုံးခိုကျင်းတူးသင့်ကြောင်း တိုက်တွန်းပြောဆိုမှုများလည်း ကျယ်လောင်လာသည်။
ပြီးခဲ့သည့်ရက်ပိုင်းကပင် တိုက်ပွဲဖြစ်ပွားနေသည့် လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက် လာနိုင်သဖြင့် ပြည်သူများဘေးကင်းစေရေး ဗုံးခိုကျင်းအတွင်းနေထိုင်ကြရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်ထားသည်။
သို့ရာတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန်တွင် ဗုံးခိုကျင်းတူးထားသည့် နေအိမ်များကို မီးရှို့ခြင်း၊ ဗုံးခိုကျင်းအတွင်း ပုန်းနေသည့် ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်လာပြန်သည်။
ယင်းကြောင့် ပြည်သူအပေါ် စည်းစောင့်ခြင်းမရှိသည့် စစ်ကောင်စီနှင့်တွေ့ပါက ဗုံးခိုကျင်းက ပြည်သူတွေကို အန္တရာယ်ပိုမို ကျရောက်စေသည်ဟု ယုံကြည်ကြသူများလည်းရှိကြသည်။
တနင်္သာရီတိုင်းအတွင်း ပြင်းထန်လာနိုင်သည့် တိုက်ပွဲအခြေအနေများကြောင့် ဗုံးခိုကျင်းတူးရေး မတူးရေးကိစ္စနှင့် ပတ်သက်ပြီး ပြည်သူများက မည်သို့ယုံကြည်ကြသည်ကို သိရှိနိုင်ရန် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်ပါသည်။
“စစ်ကြောင်းဝင်လာတဲ့အချိန် စစ်ကောင်စီတပ်က အခုလိုဗုံးခိုကျင်းတူးထားတဲ့အိမ်တွေ၊သဲအိတ်တွေနဲ့ ဘန်ကာဆောက်ထားတဲ့ အိမ်တွေကို အဓိကထား မီးရှို့တာပါ”
အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦး
တပိုကျေးရွာ၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ပုလောမြို့နယ်
DW ။ ဘယ်အချိန်လောက်ကတည်းက ဗုံးခိုကျင်းတူးကြတာလဲဗျ။
ဖြေ ။ ကျွန်မတို့ရွာမှာက တိုက်ပွဲတွေစဖြစ်တဲ့ ၂၀၂၂ ခုနှစ်လောက်က စတူးကြတယ်။လူရှိတဲ့အိမ်တိုင်းလိုလိုမှာ တူးကြတာပေါ့နော်။ တော်လှန်ရေးအဖွဲ့တွေကလည်း အိမ်တိုင်းဗုံးခိုကျင်းတူးရမယ်လို့တိုက်တွန်းတယ်။ သူတို့တိုက်တွန်းလို့လည်း တူးဖြစ်တာပါ။ ပြီးတော့သဲအိတ်တွေနဲ့ ဘန်ကာတွေလို တည်ဆောက်ထားတဲ့အိမ်တွေလည်း ရှိတယ်။အဓိက အိမ်အောက်တွေမှာပဲ တူးတာများတယ်။ဒါပေမဲ့စစ်ကြောင်းဝင်လာတဲ့အချိန် စစ်ကောင်စီတပ်က အခုလိုဗုံးခိုကျင်းတူးထားတဲ့အိမ်တွေ၊သဲအိတ်တွေနဲ့ ဘန်ကာဆောက်ထားတဲ့အိမ်တွေကို အဓိကထားမီးရှို့တာပါ။ လူနေအိမ်၇ လုံးကို မီးရှို့သွားတယ်။ ၂၀၂၄ ခုနှစ် ၅လပိုင်းမှာ တော့ နောက်ထပ် ဗုံးခိုကျင်း အနည်းအကျဥ်း တူးကြတာတော့ရှိတယ်။
DW ။ ရွာတွေမှာ ဗုံးခိုကျင်းတွေကို ဘယ်လိုပုံစံနဲ့တည်ဆောက်ထားကြသလဲ။
ဖြေ ။ အတိုင်းအတာအတိအကျတော့မရှိဘူး။ အဆင်ပြေသလိုလေး တူးကြတာပါ။ တူးသမားမရှိတဲ့အိမ်ဆို လူခ(အငှားအလုပ်သမား)နဲ့တူးကြတယ်။ကိုယ့်မိသားစုဝင်နဲ့ချိန်ပြီးတူးထားတာပေါ့ ။ တူးထားတဲ့အပေါ်မှာ သစ်ပြားတွေ သစ်လုံးတွေတစ်ထပ်တင်တယ်။ပြီးရင်အပေါ်မှာ သဲအိတ်တွေ မြေအိမ်တွေ တစ်ခါထပ်တင်ထားတယ်။ ဝင်ထွက်သွားလာလို့ အဆင်ပြေအောင်လုပ်ထားကြတယ်။
DW ။ အိမ်တွေအောက်မှာတူးထားတဲ့ ဗုံးခိုကျင်းတွေက အသက်အန္တရာယ်အတွက် လုံခြုံမှုကိုပေးနိုင်ရဲ့လား။
ဖြေ ။ ရွာထဲကလူတွေက အနီးအနားရွာတွေမှာဖြစ်တဲ့ တိုက်ပွဲ တွေဆို မပြေးကြဘူး။ တူးထားတဲ့ဗုံးခိုကျင်းထဲပဲ ဝင်ပုန်းကြတယ်။ အပြင်မှာနေတာထက်စာရင်တော့ လုံခြုံတယ်လို့ခံစားရတာပေါ့။ တိုက်ပွဲပြီးရင်တော့ ပြန်ထွက်ပြီး ပုံမှန်ကိုယ့်အလုပ်ကို ကိုယ်ပြန်လုပ်တာပေါ့။ ရွာထဲစစ်ကြောင်းထိုးလာပြီဆိုရင်တော့ ဗုံးခိုကျင်းထဲနေလို့မရတော့ဘူး။ အကုန်တောတွေ တောင်တွေထဲ ပြေးကြရတယ်။သူတို့(စစ်တပ်) က ယောင်္ကျား၊ မိန်းမ မရွေးအကုန်ဖမ်းတာကို။ တောထဲတွေရောက်ရင် အဆင်ပြေသလို ပုန်းလျှိုးကွယ်လျှိုးရှောင်တိမ်းကြရတယ်။ တောထဲကိုတော့ စစ်ကြောင်းရောက်ဖို့မလွယ်ဘူးလေ။
DW ။ ဗုံးခိုကျင်းထဲရောက်နေရင် စိုးရိမ်စိတ်ရောဖြစ်လား။
ဖြေ ။ ရွာထဲကလူတွေက တိုက်ပွဲဖြစ်ပြီဆို ဗုံးခိုကျင်းထဲပဲဝင်ပြေးတယ်။တချို့တွေက တိုက်အိမ်တွေရဲ့ အောက်မှာ စုနေကြတာပေါ့။ ဘယ်အချိန်ကျလာမလဲလို့တော့ စိုးရိမ်တာရှိတယ်။အရင်ကတော့ စုပြီးဝပ်နေလိုက်ပြေးလိုက် ရွာထဲပြန်လာလိုက်ပေါ့။ အခုနောက်ပိုင်းစစ်ကြောင်းထိုးတာကြာတော့ ရွာပြန်လို့မရတော့ဘူး။အခုဆိုရင် အချိန်ကြာလာတော့ စားဝတ်နေရေး၊ အသက်အန္တရာယ်တွေအတွက်ရော အကုန်လုံးစုပြုံစိုးရိမ်နေရပြီ။
DW ။ အခုမေးတာနဲ့ပတ်သက်ပြီး ဘာဖြည့်စွက်ပြောချင်သေးလဲ။
ဖြေ ။ နိုင်ငံရေးက ဘယ်အချိန်ပြီးမလဲမသိဘူး။ တောထဲရောက်နေတာလည်း နှစ်လကျော်နေပြီ။ ကျွန်မတို့အိမ်ပြန်ချင်နေပြီရှင် ။
“ဗုံးခိုကျင်းတူးလည်း ပြေးရတာချင်း အတူတူပဲလေ။ တိုက်ပွဲဖြစ်လာပြီဆို ဘယ်သူမှမနေရဲဘူး”
ဇလွတ်ရွာခံ အမျိုးသားတစ်ဦး၊ လောင်းလုံးမြို့နယ်
DW ။ ဦးတို့ရွာဖက်မှာ တိုက်ပွဲတွေဖြစ်တယ်ဆိုတော့ ဘယ်လိုအခြေအနေရှိလဲဆိုတာပြောပြပေးပါ။
ဖြေ ။ တိုက်ပွဲကတော့ ခဏခဏဖြစ်တာပေါ့နော်။ မေ့လောက်ပြီဆိုတစ်ခါဖြစ် မေ့လောက်ပြီဆိုတစ်ခါဖြစ်ဖြစ်နေတာပဲ။ အခုဖြစ်နေတာကတော့ (ဒီဇင်ဘာလ)၂၃ ရက်ကစဖြစ်တာပေါ့။ အဲဒီကတည်းအခုထိပဲ။ အရင်ကတော့ ရက်ရှည်ဖြစ်တာမျိုးမရှိဘူး။ ရှည်ရှည်မဟုတ်ဘူးဆိုတာက သူတို့လာပစ်ရင် တစ်နာရီ နှစ်နာရီ အဲလောက်ပဲပေါ့။ အဲဒီအချိန်ဆိုရင် အိမ်အောက်မှာဆင်းဝပ်နေကြတာပေါ့နော်။ ပြန်သွားပြီဆိုမှ ထွက်ကြတာပေါ့။ အခုကတော့ လက်နက်ကြီးတွေလည်း အများကြီးပစ်တယ်လေ။ ရေထဲကနေရော လေယာဉ်နဲ့ရော။ အဲလိုဆိုတော့ အိမ်မှာနေလို့မရတော့လို့ ထွက်ပြေးလာကြတာ။
DW ။ ဗုံးခိုကျင်းတွေတူးပြီး နေလို့မရဘူးလား။
ဖြေ ။ မရဘူး။ တိုက်ပွဲက ရွာနဲ့ကပ်လျက်မှာဖြစ်နေတာဆိုတော့။ ဗုံးခိုကျင်းထဲမှာ ဘယ်နေရဲမှာလဲ။ အားလုံးသေကုန်မှာပေါ့။ အဲဒီအသံကြီးတွေကြားတာနဲ့တင် သွေးတိုးတက်ပြီးသေမှာ။ ကျွန်တော်တို့မှာ အဖိုးကြီး၊ အဖွားကြီးတွေရော၊ ကလေးတွေရော ရှိတယ်လေ။
DW ။ ဒါဆိုတိုက်ပွဲဖြစ်ပြီဆိုရင် ဘယ်လိုလုပ်ကြလဲ။
ဖြေ ။ ဖြစ်ရင်တော့ ကျွန်တော်တို့က အိမ်အောက်မှာဆင်းဝပ်နေကြတာပဲ။ ပြီးရင်ပြန်ထွက်လာကြတာပေါ့။ အခုကတော့ နေလို့မရလို့ ပြေးလာကြတာ။
DW ။ ဦးတို့ရွာမှာ ဗုံးခိုကျင်းတူးထားတာ မရှိဘူးလား။
ဖြေ ။ တူးတဲ့သူလည်းရှိတယ်။ မတူးတဲ့သူလည်းရှိတယ်။ ကျွန်တော်သိသလောက်ကတော့ မတူးတဲ့သူက များမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုံးခိုကျင်းတူးလည်းပြေးရတာချင်း အတူတူပဲလေ။ တိုက်ပွဲဖြစ်လာပြီဆို ဘယ်သူမှမနေရဲဘူး။ လူကြီးတွေရော၊ ကလေးတွေရော ရတဲ့နေရာက ပြေးကြတာပဲ။ ဆိုင်ကယ်တစ်စီး နှစ်သောင်း(ကျပ်) နဲ့ငှားပြီးပြေးတဲ့သူလည်းရှိတယ်။ လမ်းလျှောက်ပြီး ပြေးတဲ့သူလည်းရှိတယ်။ ဘာမှမယူနိုင်ကြဘူး။
DW ။ ဗုံးခိုကျင်းတွေက လက်တွေ့မှာကိုယ့်အတွက် လုံခြုံမှုမရှိဘူးလား။ ဗုံးခိုကျင်းတူးသင့်၊ မတူးသင့် ဘယ်လိုမြင်လဲ။
ဖြေ ။ မလုံခြုံဘူးလားဆိုတော့ ရှိရင်တော့ကောင်းပါတယ်။ အရေးကြီးရင် ဆင်းနေလို့ရတာပေါ့။ ဒါပေမဲ့ အခုလိုမျိုး တိုက်ပွဲတွေ (အနီးကပ်) ဖြစ်ရင်တော့ ဗုံးခိုကျင်းထဲမှာနေလို့မရဲဘူးဗျ။ လက်နက်ကြီး သူပစ်ကိုယ်ပစ် ပစ်ရင် ဘယ်နားကျမယ်မှန်းလည်း ကိုယ်မသိဘူး။ ကျလာရင် ဗုံးခိုကျင်းလည်း ခံနိုင်မှာမဟုတ်ဘူး။ စစ်ကြောင်းဝင်လာတာနဲ့ တွေ့ရင် အဲဒါသွားပြီ။ သူတို့(စစ်ကောင်စီတပ်) က မီးရှို့ချင်ရှို့မှာလေ။ ( တိုက်ပွဲဖြစ်လာရင်) ရှောင်နိုင်ရင် ရှောင်နေတာက အကောင်းဆုံးပဲ။ အန္တရာယ်အကင်းဆုံးပဲ။ ဗုံးခိုကျင်းထက် အန္တရာယ်ကင်းတယ်။ ဘယ်လိုမှထွက်ပြေးလို့ အချိန်မမီဘူးဆိုမှ ကျွန်တော်က အိမ်အောက်မှာဝင်ဝပ်နေတာ။
DW ။ ကျေးဇူးတင်ပါတယ်။
“စစ်ကြောင်းကလည်းဝင် သင်္ဘောကလည်းလှမ်းပစ် ဆိုတော့ ပုန်းနေရင် အသက်ဘယ်ကထွက်ရမှန်းမသိ ဖြစ်သွားလိမ့်မယ်”
စစ်ဘေးရှောင် အိမ်ထောင်ဦးစီး အမျိုးသားတစ်ဦး၊ ဇာဒီရွာ ရေဖြူမြို့နယ်
DW ။ ဇာဒီကျေးရွာအုပ်စုမှာ ဗုံးခိုကျင်း တူးကြလား ။
ဖြေ ။ တစ်ယောက်မှ တူးထားတာမရှိဘူး ။ တူးမယ်လို့ ပြောကြတာလည်း မကြားရဘူး ။
DW ။ ဘာလို့ မတူးကြတာလဲ။
ဖြေ ။ ဒီမှာက ပြေးရတာပဲ အားသန်ကြတယ် ။ ဗုံးခိုကျင်းတူးဖို့ စိတ်ကူးမရှိဘူး ။ စစ်ကြောင်းလာရင် ပြေးကြတာပဲ ။ စစ်ကြောင်း ဝင်လာရင် ဗုံးခိုကျင်းမပြောနဲ့ အိမ်မှာနေတဲ့သူတောင် အဖမ်းခံရတယ်။ အဲဒါကြောင့်မို့ပဲ မတူးဖြစ်တော့ ကြတာပါ။ ပြီးတော့ ဗုံးခိုကျင်းထဲ ဝင်ပုန်းနေလို့ အသက်ဘေးကလွတ်ပေမဲ့ စစ်ကြောင်းရှိနေတဲ့ တစ်လျှောက်လုံး ရိက္ခာပြတ်သွားရင် ငတ်ငတ်ပြတ်ပြတ် ပိတ်မိနေကြမှာလည်း စိုးရိမ်ကြလို့ မတူးကြတာပါ ။
DW ။ ဇာဒီက လေကြောင်းအန္တရာယ် မကြုံဖူးသေးပေမယ့် လက်နက်ကြီးဒဏ်က အတော်ခံရတော့ ဗုံးခိုကျင်းလိုတယ်လို့ မထင်ဘူးလား ။
ဖြေ ။ လက်နက်ကြီးက မထင်သလိုပစ်နေတော့ ရွာထဲမှာနေတဲ့သူက အနည်းအကျဉ်းပဲရှိတယ်။ ရွာကိုစွန့်သွားသူတွေပဲ များကြတယ်။ အခုနှစ်ဆန်းပိုင်းမှာ နေ့ခင်းကြောင်တောင် တိုက်ပွဲလည်း မရှိဘဲ လက်နက်ကြီး ပစ်လိုက်တာ ကလေး နှစ်ယောက် ဘာမှလုပ်မထိ(လုပ်လို့မမီ)ဘဲ သေသွားရတယ် ။ အဲဆိုတော့ မထင်ရင်မထင်သလို ဖြစ်နေတော့ ဗုံးခိုကျင်းတူးဖို့ထက် လက်နက်ကြီးပစ်ကွင်းလွတ်တဲ့နေရာရှာနေဖို့ပဲ စဥ်းစားမိတော့တယ် ။ ရွာသားတွေကလည်း ရွာကို ပြန်ဝင်မနေရဲကြတော့ ဗုံးခိုကျင်းက သိပ်အရေးကြီးတယ်လို့ မတွေးမိကြတော့တာလည်း ပါပါတယ် ။
DW ။ ဗုံးခိုကျင်းက အန္တရာယ်ကင်းတယ်လို့မြင်လား ။
ဖြေ ။ လက်နက်ကြီးဒဏ်တော့ ကာကွယ်နိုင်မယ်ထင်တယ်။ စစ်ကြောင်းဝင်လာရင်တော့ ထောင်ချောက်တစ်ခုလို ဖမ်းမိသွားစေနိုင်တဲ့ အရာလို့မြင်တယ်။ ဂျပန်ခေတ်တုန်းက လေယာဥ်ဗုံးကြဲရင် ပုန်းဖို့ ဂူတွေ ရှေးလူကြီးလုပ်ခဲ့တာ မြင်ဖူးတယ် ။ အခုက ဂျပန်ခေတ်လိုလည်းမဟုတ်ဘဲ စစ်ကြောင်းကလည်းဝင် ၊သင်္ဘောကလည်းလှမ်းပစ် ဆိုတော့ ပုန်းနေရင် အသက်ဘယ်ကထွက်ရမှန်းမသိဖြစ်သွားလိမ့်မယ်။ သူ့နေရာနဲ့သူ အသုံးဝင်တာပေါ့ ။ အချိန်တိုင်း အသုံးပြုရမယ့် အရာတော့မဟုတ်ဘူး ထင်တယ် ။
DW ။ ဇာဒီကို လေကြောင်းအန္တရာယ် စိုးရိမ်မှုရှိလား ။
ဖြေ ။ စိုးရိမ်တာပေါ့ ။ စစ်တပ်က ဇာဒီမှာ သူတို့မြေပြင်မှာ လုပ်နိုင်သမျှ အရက်စက်ဆုံးလုပ်ပြပြီးပြီ။ မလုပ်သေးတာ လေကြောင်းတစ်ခုပဲရှိတော့တယ် ။
DW ။ ရွာသားတွေထဲမှာရော ဗုံးခိုကျင်းတူးကြမယ့် အစီအစဥ်ရှိကြသေးလား။
ဖြေ ။ မရှိကြတော့ဘူး ။ အခု ဒီဇင်ဘာ တစ်ကြိမ် စစ်ကြောင်းထိုးခံလိုက်ရတာ ရွာမှာကျန်နေသူတွေတောင် မနေရဲတော့ဘူး ။ ပစ္စည်းအကုန်သယ်ထုတ် ကုန်ကြပြီ ။ ဗုံးခိုကျင်း မပြောနဲ့ ဒီအတိုင်းတောင် နေရဲဖို့ ရာခိုင်နှုန်း အရမ်းနည်းသွားပြီ ။
DW ။ ကျေးဇူး တင်ပါတယ်။
မှတ်ချက် – ဇာဒီရွာသည် ယခုနှစ်ဆန်းကစပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုဒဏ်ကို တောက်လျှောက်ခံခဲ့ရသည်။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး၂ ဦးသေဆုံးကာ သာသနိကအဆောက်အအုံနှင့် နေအိမ်ပျက်စီးမှုများရှိခဲ့သည်။ ထို့အပြင် ယခုနှစ် ဇွန်လနှင့် ဒီဇင်ဘာလတွင် စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ကြိမ်ထိုးခဲ့သည် ။