BREAKING
December 28, 2024

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

December 28, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ

အမေရိကန်မှာ သေဒဏ်ချမှတ်ခံထားရသူ ၃၇ ဦးကို ပယ်ဖျက်ပေး

အမေရိကန်ပြည်ထောင်စု ဖက်ဒရယ် တရားရုံးကနေ သေဒဏ် ချမှတ်ခံထားရတဲ့ လူ ၄၀ ဦးထဲကနေ ၃၇ ဦးကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့လျှော့ပေါ့ပေးလိုက်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်ကနေ ဒီဇင်ဘာ ၂၃ ရက်နေ့က ကြေညာလိုက်ပါတယ်။

ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ သူတွေထဲက အကြမ်းဖက်ဝါဒနဲ့ လူမျိုး ဘာသာရေး မုန်းတီး သတ်ဖြတ်မှုတွေကနေလွဲပြီး ကျန်သေဒဏ်တွေကို လျှော့ပေါ့လိုက်တာပါ။

လျှော့ပေါ့မခံရတဲ့ သုံးဦးကတော့ ဘုရားကျောင်းမှာ လူ ၅ ဦးကို သတ်ဖြတ်ခဲ့တဲ့သူ၊ ဂျူးဘုရားကျောင်းမှာ ဝတ်ပြုနေတဲ့ ၁၁ ဦးကို သတ်ဖြတ်ခဲ့တဲ့သူနဲ့ မာရသွန်ပွဲမှာ ဗုံးခွဲခဲ့သူတို့ပဲ ဖြစ်ကြပါတယ်။

ပြင်းထန်တဲ့ ရာဇဝတ်မှုတွေ လျှော့ချပြီး ထိရောက်တဲ့ တရားရေးစနစ်ဖြစ်ဖို့ လုပ်ဆောင်ခဲ့တယ်လို့ သမ္မတ ဘိုင်ဒန်က ကြေညာခဲ့တာဖြစ်ပါတယ်။

Ref: France 24

………………………………..

ရုရှားမှာ မြောက်ကိုးရီးယားစစ်သည် ၃၀၀၀ ကျော် သေဆုံးဒဏ်ရာရ

ရုရှားရဲ့ ကာရှ့်ဒေသကို ဝင်ရောက်တိုက်ခိုက်ရာမှာ မြောက်ကိုရီးယား စစ်သား ၃၀၀၀ ကျော် သေဆုံးဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ယူကရိန်း သမ္မတ ဇလန်းစကီးက ဒီဇင်ဘာ ၂၃ ရက်နေ့က ပြောပါတယ်။

ဒီဇင်ဘာလကနေစပြီး မြောက်ကိုရီးယား တပ်သားတွေက ရုရှားဘက်ကနေ ထိုးစစ်တွေထဲ ပါဝင်လာခဲ့တာပါ။

မြောက်ကိုရီးယား စစ်သား ၁၁၀၀ လောက် သေဆုံးနေပြီလို့ တောင်ကိုးရီးယားဘက်ကလည်း ဆိုပါတယ်။

မြောက်ကိုရီးယားအစိုးရက ရုရှားစစ်တပ်ကို အင်အားဖြည့်တဲ့အနေနဲ့ စစ်သားထောင်ချီကို ပို့ခဲ့ပြီး ဒီစစ်သားတွေထဲက အချို့ကို ရုရှားရဲ့ ကာရှ့်ဒေသ နယ်စပ်သို့ စေလွှတ်ခံထားရတာ ဖြစ်ပါတယ်။

ယူကရိန်းက ကာရှ့်ဒေသကို ဩဂုတ်လမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Ref: Euro News

………………………………..

ကာဇက်စတန်မှာ လေယာဉ်ပျက်ကျပြီး အနည်းဆုံး ၃၈ ဦးသေဆုံး

အဇာဘိုင်ဂျန်လေကြောင်းလိုင်းက လေယာဥ်တစ်စီး ကာဇက်စတန်မှာ ဒီဇင်ဘာ ၂၅ ရက်နေ့က ပျက်ကျခဲ့လို့ အနည်းဆုံးလူ ၃၈ ဦးအထိ သေဆုံးခဲ့ပါတယ်။

လေယာဥ်ပေါ်မှာ လေယာဥ်အဖွဲ့သား ၅ ဦးအပါအဝင် လူပေါင်း ၆၇ ဦး လိုက်ပါလာခဲ့တာပါ။

ဒီထဲကနေ လူ ၂၉ ဦး အသက်ရှင်ခဲ့တယ်လို့ ကာဇက်စတန် အရေးပေါ် ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

အသက်ရှင်သူတွေထဲ ကလေး ၂ ဦးလည်း ပါဝင်ပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံတင်ထားတယ်လို့ ဆိုပါတယ်။

လေယာဥ်က အဇာဘိုင်ဂျန် မြို့တော် ဘာကုကနေ ရုရှားနိုင်ငံ ချာချည်မြောက်ပိုင်း ဂရွတ်ဇနီကို ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ပျံတက်ပြီး ၂ နာရီခွဲအကြာမှာ ရာသီဥတုဆိုးရွာနေလို့ လေယာဥ်မှူးတွေက အရေးပေါ် ဆင်းသက်ဖို့ကြိုးစားနေစဉ်မှာပဲ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

Ref: CNN

………………………………..

တိဗက်မှာ ကမ္ဘာ့အကြီးဆုံးဆည်ကို တရုတ်ဆောက်မယ်

တိဗက်တောင်တန်း အရှေ့ဘက်ခြမ်းကိုပတ်ပြီး ကမ္ဘာ့အကြီးဆုံး ရေကာတာအသစ် တည်ဆောက်ဖို့ တရုတ်အစိုးရက အတည်ပြုလိုက်ပါတယ်။

ဒီဆည်ကြောင့် မြစ်အောက်ပိုင်းက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေက ပြည်သူ သန်းပေါင်းများစွာကို ထိခိုက်စေမယ်လို့ ထောက်ပြနေကြတာပါ။

ဒီဆည်ကနေ ကီလိုဝပ် ၃၀၀ ဘီလီယံရှိတဲ့ လျှပ်စစ်ဓာတ်အားကို နှစ်စဉ် ထုတ်လုပ်ပေးနိုင်မယ်လို့ တရုတ်ဘက်က တွက်ဆထားပါတယ်။

အခုဆောက်မယ့် ရေကာတာအသစ်ကနေ လက်ရှိ ကမ္ဘာ့အကြီးဆုံး ရေကာတာကြီးဖြစ်တဲ့ တရုတ်နိုင်ငံအလယ်ပိုင်းက Three Gorges Dam ကထွက်တဲ့ လျှပ်စစ်ဓာတ်အားထက် ၃ ဆပိုများမယ်လို့ ဆိုပါတယ်။

Ref: REUTERS

………………………………..

ဆီးရီးယားမှာ အာဆတ်လိုလားသူ အဖွဲ့တွေကို နှိမ်နင်းဖမ်းဆီး

ဆီးရီးယားနိုင်ငံအနောက်ပိုင်း တားတတ်စ်ဒေသမှာ အာဏာရှင်ဟောင်း အာဆတ်ကိုလိုလားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ယာယီလုံခြုံရေးအဖွဲ့တွေက စစ်ဆင်ရေးတစ်ခု ဒီဇင်ဘာ ၂၆ ရက်နေ့က စတင်လိုက်ပါတယ်။

ဒီစစ်ဆင်ရေးကို ယာယီ အစိုးရလုံခြုံရေးအဖွဲ့တွေက စတင်ခဲ့ပြီး အာဆတ်ကိုလိုလားတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် နှိမ်နင်းဖမ်းဆီးခဲ့ပါတယ်။

အဲဒီဒေသမှာ အာဆတ်လိုလားတဲ့အဖွဲ့တွေကနေ ခြုံခိုတိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးခဲ့တာပါ။

ဒီဖြစ်ရပ်ပြီးနောက် ဆီးရီးယား ကြားကာလအစိုးရ HTS က ခုလို စစ်ဆင်ရေး စတင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆီးရီးယားကို အုပ်ချုပ်နေတဲ့ HTS အဖွဲ့အနေနဲ့ လူနည်းစုတွေကို ကာကွယ်ပေးဖို့ နိုင်ငံတကာက တောင်းဆိုနေကြပါတယ်။

Ref: The Guardian

………………………………..

အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ကွယ်လွန်

အိန္ဒိယနိုင်ငံရဲ့ အသက် ၉၂ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း က ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

သူက အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ အမေရိကန်နဲ့ နျူကလီယား သဘောတူညီချက်ကို ရေးဆွဲခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းက သက်ကြီးရောဂါကြောင့် ဆေးကုသမှုခံယူနေရပြီး နေအိမ်မှာ ရုတ်တရက် သတိလစ်သွားခဲ့လို့ နယူးဒေလီက ဆေးရုံကို ပို့ဆောင်ကုသနေရသူဖြစ်ပါတယ်။

သူက အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ၁၀ နှစ်ကြာ သက်တမ်းအကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးပါ။

သူဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ အထိ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသူဖြစ်ပါတယ်။

Ref: CNN

………………………………..

အာဂျင်တီးနားမှာ ခရစ်စမတ်အထိမ်းအမှတ် အိုးအိမ်မဲ့ပြည်သူတွေကို ညစာစားပွဲ ကျင်းပ

အာဂျင်တီးနားနိုင်ငံ ဘူနိုစ့်အီးရက်မြို့က အမျိုးသားလွှတ်တော်အဆောက်အဦးရှေ့မှာ အိုးအိမ်မဲ့ပြည်သူတွေအတွက် ခရစ္စမတ်ညစာစားပွဲကို ကျင်းပခဲ့ပါတယ်။ 

ခရစ္စမတ်အကြိုညမှာ ကျင်းပခဲ့တဲ့ ဒီညစာစားပွဲကို လူပေါင်း ၃၀၀၀ လောက် တက်ရောက်ခဲ့တာပါ။

တက်ရောက်သူတွေကို ဆံပင်ညှပ်တာနဲ့ လက်သည်းခြေသည်းသန့်စင်တာ ဆေးဆိုးကြတာကိုလည်း တွေ့ရပါတယ်။ 

သမ္မတ ဂျာဗီယာ မီလီရဲ့ လစ်ဘရယ်အစိုးရတက်အပြီး တစ်နှစ်အကြာမှာ အာဂျင်တီးနားလူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Ref: Buenos Aires Times

………………………………..

ဘရာဇီးမှာ ပြည်နယ်ချင်းဆက် တံတား ပြိုကျ

ဘရာဇီးနိုင်ငံမှာ ပြည်နယ်နှစ်ခုကိုချိတ်ဆက်ထားတဲ့ အရှည် ၅၈၃ ပေရှိတဲ့ တံတားတစ်စင်း ဒီဇင်ဘာ ၂၂ ရက်နေ့က ပြိုကျခဲ့ပါတယ်။

တံတားပြိုကျမှုကြောင့် တံတားပေါ်ရှိနေတဲ့ လူ ၄ ဦးသေဆုံးပြီး ၁၄ ဦးပျောက်ဆုံးသွားခဲ့ပါတယ်။

တံတားပြိုကျနေတဲ့အချိန် တံတားပေါ်မှာ ဆာလဖျူရစ်အက်ဆစ်တွေ သယ်လာတဲ့ ကုန်တင်ကားလည်း မြစ်ထဲ ကျသွားခဲ့ပါတယ်။

ဒါကြောင့် ကားပေါ်က အက်စစ်တွေက Tocantins မြစ်ထဲ ဖိတ်စင်ကုန်တဲ့အတွက် ကယ်ဆယ်ရေးအတွက် နှောင့်နှေးစရာဖြစ်နေခဲ့ပါတယ်။

Ref: REUTERS

………………………………..

မသန်စွမ်းသူတွေ လမ်းလျှောက်နိုင်အောင်ကူမယ့် စက်ရုပ်ငယ်ကို တောင်ကိုးရီးယား တီထွင်

တောင်ကိုရီးယားနိုင်ငံမှ သိပ္ပံပညာရှင်အဖွဲ့က ခန္ဓာကိုယ်အောက်ပိုင်းသေနေသူတွေ လှုပ်ရှားသွားလာနိုင်ဖို့ ရည်ရွယ်ပြီး ခန္ဓာကိုယ်မှာ တပ်ဆင်နိုင်တဲ့ အပေါ့စားစက်ရုပ်ငယ်တစ်မျိုးကို တီထွင်ဖန်တီးလိုက်ပါတယ်။

အလူမီနီယမ်နဲ့ တိုင်တေနီယမ်သတ္တုကို ပေါင်းစပ်ထားပြီး မော်တာ ၁၂ လုံး တပ်ဆင်ထားတဲ့ ဒီစက်ရုပ်က အလေးချိန် ၅၀ ကီလိုဂရမ်ရှိပါတယ်။

သုတေသနအဖွဲ့မှာပါခဲ့တဲ့သူက ဒီစက်ရုပ်ကို ဝတ်ဆင်ပြခဲ့ပါတယ်။

စက်ရုပ်ကို ဝတ်ဆင်ထားတဲ့ သူက လှေကားထစ်တွေ စင်္ကြံလမ်းပေါ်တွေကို တက်ပြနိုင်ခဲ့ပြီး တစ်နာရီ ၃ ဒသမ ၂ ကီလိုမီတာနှုန်းနဲ့ လမ်းလျှောက်နိုင်ခဲ့ပါတယ်။

ဒီစက်ရုပ်ကို မသန်စွမ်းသူတွေရဲ့ နေ့စဉ်ဘ၀ ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ ရည်ရွယ်ပြီး သုတေသီတွေက တီထွင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Ref: REUTERS

………………………………..