ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ရှိ စစ်ကောင်စီတပ် ဗျူဟာမှူး အခြေချကွက်ကဲသည့် တပ်စခန်းတို့ကို သိမ်းယူပြီး မြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း တအာင်းတပ်မတော် TNLA က ယနေ့ ဒီဇင်ဘာလ ၂၈ရက်တွင် ထုတ်ပြန်သည်။
နမ္မတူရှိ စစ်ကောင်စီတပ်စခန်းတို့ကို ဒီဇင်ဘာလ ၂၅ ရက်တွင် စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး လေးရက်အကြာ ယနေ့ ဒီဇင်ဘာလ ၂၈ရက် နံနက်တွင် စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာကုန်း အပါအဝင် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ အလုံးကို သိမ်းယူရရှိကြောင်း ဖော်ပြသည်။
စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်အသုံးအဆောင်ပစ္စည်းများစွာ သိမ်းဆည်းရရှိကြောင်းလည်း ဖော်ပြသည်။
နမ္မတူမြို့ ရှိ စစ်ကောင်စီတပ်စခန်းသည် စစ်ဗျုဟာ-၂ လက်အောက်ခံ ခမရ-၃၂၄၊ ခလရ-၂၅၆ တို့ အခြေချလှုပ်ရှားနေခြင်းဖြစ်ကြောင်းလည်း TNLA က ဆိုသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဉ်ဖြင့် ၂၅ ကြိမ် ၊ Y12 လေယာဥ်ဖြင့် ၂၇ ကြိမ် နှင့် တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 ဖြင့် ကိုးကြိမ် စုစုပေါင်း လေကြောင်းဖြင့် ၆၁ ကြိမ်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။





Mi17 ထောက်ပို့ယာဥ်ဖြင့် စစ်ကူအင်အားနှင့် လက်နက်ခဲယမ်းများ နှစ်ကြိမ် လာရောက်ပစ်ချပေးခဲ့ကြောင်း ဆိုသည်။
နမ္မတူမြို့ရှိ စစ်ကောင်စီ ခမရ-၃၂၄ တပ်စခန်းက ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ၉၃ ကြိမ် ထက်မနည်း နမ္မတူမြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရကာ ဘာသာရေးအဆောက်အအုံအချို့နှင့် နေအိမ် ခုနစ်လုံး ထိခိုက်ပျက်စီးပြီး နေအိမ်တစ်လုံးမီးလောင် ပျက်စီး ကြောင်း TNLA က ထုတ်ပြန်ထားသည်။
နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံနှင့် မိုင်းလုံမြို့တို့ကိုလည်း တအာင်းတပ်မတော်က သိမ်းယူထားသဖြင့် ယခုနမ္မတူမြို့မှာ ပဉ္စမမြောက်မြို့အဖြစ် သိမ်းယူခဲ့ခြင်းဖြစ်သည်။