လောင်းလုံးမြို့နယ် မောင်းမကန်ရွာတွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက် မွန်းလွဲပိုင်းတွင် မိသားစုဝင်သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ နှစ်ဦးစိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။
မောင်းမကန် (၁၂) ရပ်ကွက် ဒေသခေါ် အန်တောပြင်တွင် နေထိုင်သည့် အသက် ၆၀ နှစ်အရွယ်ရှိ ဦးစိုးသိန်းဆိုသူ သေဆုံးကာ သမီးဖြစ်သူ မအေးလဲ့ထွေးနှင့် သားမက်ဖြစ်သူ ဦးနိုင်ဦးတို့ ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။
ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် နေအိမ်၌ အိမ်အမိုး မိုးနေစဉ် လက်နက်ကိုင် လူတစ်စုက လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သေနတ်သံတော့ လေးငါးခြောက်ချက်လောက်ကြားရတယ်။ ဖြစ်ဖြစ်ချင်းဘယ်သူမှ သွားမကြည့်ရဲကြဘူး” ဟု ၎င်းက ပြောဆိုသည်။
အဆိုပါမိသားစုဝင်သုံးဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။
ဦးစိုးသိန်းတွင် ဦးခေါင်း ကျည်ထိမှန်ကာ နေရာတွင် သေဆုံးပြီး သမီးဖြစ်သူတွင် ရင်ဘတ် ကျည်ထိမှန် ဒဏ်ရာ တစ်ချက်၊ ဘယ်ဖက်ပုခုံးတွင် နှစ်ချက်၊ သားမက်ဖြစ်သူတွင် ဆီးခုံနှင့် ဘယ်ဘက်ပါးရိုးတို့တွင် ကျည်ထိမှန်ဒဏ်ရာတို့ ရကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံအချို့က ပြောသည်။
“ဦးစိုးသိန်းကတော့ အပြင်မှာလဲနေတယ်။ သူ့သားမက်နဲ့ သမီးက အိမ်အနောက်ဘက်မှ လဲနေတယ်” ဟု မြင်မျက် တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောဆိုသည်။
ယင်းနောက် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ သုံးဦးစလုံးကို အရေးပေါ်လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံကြီးသို့ လာရောက် သယ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။