BREAKING
January 21, 2025

ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ၏မိခင် ထောင်ဒဏ် ၂ နှစ်ချခံရ

December 28, 2021

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ မသီရိမိုး၏ မိခင်ဖြစ်သူကို ဒီဇင်ဘာလ ၂၇ ရက်တွင် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

မသီရိမိုး၏ မိခင် အသက် ၄၆နှစ်အရွယ် ဒေါ်သက်သက်ထွေးနှင့် အသက် ၁၆ နှစ်အရွယ် ညီမဖြစ်သူတို့ကို ထားဝယ်မြို့နယ် ကနိုင်းဒါရွာရှိ နေအိမ်တွင် နိုဝင်ဘာလ ၈ ရက် ည ၈ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

ယင်းနောက် အသက် ၁၈နှစ် မပြည့်သေးသည့် ညီမဖြစ်သူအား ဖမ်းဆီးပြီး လေးရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်သက်သက်ထွေးကိုမူ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“သီရိမိုးအနေနဲ့ လာအဖမ်းခံ။ ကြိုက်တဲ့အချိန် လာအဖမ်းခံတဲ့အချိန် အမေကို ပြန်လွှတ်မယ်ဆိုပြီး (စစ်ကောင်စီဘက်က) ပြောတယ်တဲ့။ ဖမ်းတဲ့အချိန်ကလည်း အဲဒီအတိုင်းပြောတယ်။ အခု အမိန့်ချတဲ့ အချိန်မှာလည်း အဲဒီအတိုင်း (စစ်ကောင်စီဘက်က) ထပ်ပြောတယ်လို့ ကြားရတယ်” ဟု မသီရိမိုးက ပြောသည်။

မသီရိမိုးကို ဧပြီလကတည်းကပင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီက အမူဖွင့် ဖမ်းဝရမ်းထုတ်ထားသည်။