BREAKING
January 22, 2025

တရုတ်ကာကွယ်ရေးဝန်ကြီး အကျင့်ပျက်ခြစားမှုဖြင့် အရေးယူခံနေရ

November 28, 2024

တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun သည် အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေးခံနေရသည်ဟု Financial Times သတင်းစာက ဗုဒ္ဓဟူးနေ့တွင် စတင်ဖော်ပြခဲ့သည်။

တရုတ်စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး Dong Jun ဖြစ်ရပ်မှာ ယခုနောက်ဆုံးအခြေအနေဖြစ်ကြောင်း ယင်းကိစ္စနှင့် နီးစပ်သူ အမေရိကန်အရာရှိနှစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

Financial Times နှင့် ဖော်ပြချက်နှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင် တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ Mao Ning က ယင်းမှာ အတည်မပြုနိုင်သေးကြောင်း ဖြေကြားခဲ့သည်။

တရုတ်စစ်တပ်သည် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ပြီးခဲ့သည့်နှစ်မှ စ၍ အရှိန်တိုးမြှင့် လုပ်ဆောင်လာနေသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ( PLA) မှ ဗိုလ်ချုပ် ၉ ဦးထက်မနည်း အဖမ်းဆီးခံထားရပြီး ကာကွယ်ရေးကဏ္ဍမှာ ခေါင်းဆောင်အချို့လည်း တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်မှ ထုတ်ပယ်ခံခဲ့ရသည်။

Dong သည် အကျင့်ပျက်ခြစားမှုကြောင့် စုံစမ်းစစ်ဆေးခံရသည့် တတိယမြောက် ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့ပြီဟု အမည်မဖော်လိုသူ အမေရိကန် အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။

Dong ၏ အရင် ကာကွယ်ရေးဝန်ကြီးဟောင်း Li Shangfu သည် ကာကွယ်ရေးဝန်ကြီးတာဝန်ယူပြီး ၇ လအကြာတွင် ရာထူးမှ ဖယ်ရှားခံလိုက်ရသည်။ တရုတ်အစိုးရပိုင် မီဒီယာ၏ ဖော်ပြချက်အရ လာဘ်ပေးလာဘ်ယူမှုကြောင့် တရုတ်ကွန်မြူနစ်ပါတီမှ ထုတ်ပယ်ခြင်း ခံလိုက်ရသည်ဟု သိရသည်။

Li ၏အရင် ကာကွယ်ရေးဝန်ကြီးဟောင်း Wei Fenghe သည်လည်း အကျင့်ပျက်ချစားမှု စွပ်စွဲချက်များဖြင့် ပါတီမှ အထုတ်ပယ်ခံလိုက်ရကာ ရုံးတင်အစစ်ဆေးခံခဲ့ရသည်။

၎င်းတို့နှစ်ဦးစလုံးသည် ငွေကြေးပမာဏမြောက်များစွာ လာဘ်ယူခဲ့ကြကြီး ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီက ထုတ်ပြန်ခဲ့သည်။

ယင်းမှာ ပါတီ၏ ပုံရိပ်နှင့် အခန်းကဏ္ဍကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

“ဒါဟာ သေချာပေါက်ထိုးနှက်ချက်တစ်ခုပါပဲ။ ဒီရာထူးမှာ နောက်တစ်ယောက်ခန့်ထားဖို့အတွက် သန့်ရှင်းရိုးသားတဲ့လူတစ်ယောက်ကို ရွေးချယ်နိုင်အောင် သူတို့ အလွန်ပဲ သတိထားလာရလိမ့်မယ်”ဟု စင်္ကာပူနိုင်ငံ နန်ယန်နည်းပညာတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ Dylan Loh က ဆိုသည်။

ယင်းအပြင် အသစ်ဖွဲ့စည်းထားသည့် ဒုံးကျည်တိုက်ခိုက်ရေးတပ်မှ အဆင့်မြင့်အရာရှိနှစ်ဦးထက်မနည်းကိုလည်း အကျင့်ပျက်ခြစားမှုဖြင့် မကြာသေးမီက ရာထူးမှ ဖယ်ရှားထားခဲ့သေးသည်။

Source – Al Jazeera, Financial Times