ထားဝယ်ခရိုင်တွင် အက်တမ်(ATOM) ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်နေသဖြင့် MPT ဆင်းကတ်နှင့် အော်ရီဒူး ဆင်းကတ်များ ရောင်းအားတက်နေသော်လည်း မိုင်တဲ(Mytel) ဆင်းကတ်များ မရောင်းရကြောင်း ဖုန်းဆင်းကတ်ရောင်းချသူများကပြောသည်။
မိုင်တဲ (Mytel) ဆက်သွယ်ရေးကုမ္ပဏီမှာ အာဏာသိမ်းစစ်ကောင်စီတပ်ကို ဝင်ငွေရှာဖွေပေးနေသည့် စစ်တပ်ပိုင် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပြီး လုံခြုံရေးစိတ်ချရမှုမရှိသဖြင့် ပြည်သူအများစုက သုံးစွဲလိုခြင်း မရှိကြပေ။
ယခင်က MPT ဆင်းကတ် ၁၀ ကဒ်ဝယ်ကို တစ်လနီးပါးရောင်းရသော်လည်း ယခု တစ်ရက်နှစ်ရက်အတွင်း ကုန်သွားကြောင်း ထားဝယ်မြို့ရှိ ဖုန်းဆင်းကတ် ရောင်းချသူ အမျိုးသမီးတစ်ဦးကပြောသည်။
“MPT ဆိုရင် ရောင်းရများတယ်။ ရောင်းမလောက်တော့ဘူး။ အခုကုန်သွားပြီ၊ နောက် ထပ်ရောင်းရတာက အော်ရီဒူး ရောင်းရတယ်။ မိုင်တဲကတော့ သိပ်မရောင်းရဘူး”ဟု ဖုန်းဆင်းကတ်ရောင်းသူအမျိုးသမီးကပြောသည်။
ဖုန်းဆင်းကတ်ရောင်းရသည့်အပြင် ဈေးနှုန်းများပါ မြင့်တက်လျက်ရှိကြောင်း ထားဝယ်နှင့် ရေဖြူမြို့နယ် ဖုန်းဆင်းကတ်ဈေးကွက်ထဲမှ စုံစမ်းသိရှိရသည်။
ယခင်က MPT ဆင်းကတ်တစ်ကဒ်လျှင် ၅၀၀၀ ကျပ်သာအများဆုံးရှိရာမှ ယနေ့ ထားဝယ် ဈေးကွက်တွက် ကျပ် ၂၀၀၀၀ ကျော်၊ ရေဖြူမြို့နယ်တွင် ကျပ် ၃၀၀၀၀ အထိ ဈေးပေါက်နေကြောင်း စုံးစမ်သိရှိရသည်။
ရေဖြူတွင်မူ MPT ဆင်းကတ် ဝယ်မရတော့သဖြင့် မိုင်တဲသာ ရောင်းချနေရသည်ဟု ဆင်းကတ်ရောင်းသူများကဆိုသည်။
“လွန်ခဲ့တဲ့နှစ်ရက် ကသွားဝယ်ခိုင်းတာဖုန်းရုံးမှာတောင် MPT ဆင်းကတ် ကုန်နေလို့ဆိုပြီး မရတော့ဘူး”ဟု ရေဖြူမြို့နယ်မှ ဖုန်း ဆင်းကတ်ရောင်းချသူများက ပြောသည်။
တနင်္သာရီတိုင်းတွင် နိုဝင်ဘာလ ၂၄ ရက်နေ့မှစပြီး အင်တမ်ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေခြင်းဖြစ်သည်။
တနင်္သာရီတိုင်းရှိ အက်တမ်ရုံးခွဲနှင့်နီးစပ်သူများကမူ ရေဖြူမြို့နယ်ရှိ နေရာနှစ်နေရာတွင် ဖိုင်ဘာကြိုးများ ဖြတ်ခံထားရခြင်းကြောင့် ပြတ်တောက်နေခြင်းဖြစ်ကြောင်း ယခုလ ၂၆ ရက်နေ့က Dawei Watch သို့ပြောဆိုထားသည်။
သို့သော် အက်တမ်ဆက်သွယ်ရေးလိုင်းများ တိုင်းအတွင်းမည်သည့်အချိန်တွင်ပြန်ရမည်ကိုမူ တိတိကျကျမသိနိုင်သေးပေ။