BREAKING
November 28, 2024

အမြောက်တပ် ၃၁၈ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် ၅ ဦးသေဆုံးဟု NMSP-AD ထုတ်ပြန်

November 28, 2024

ပုံစာ - စစ်ကောင်စီ အမြောက်တပ်နှင့် စစ်ရေးဂိတ်ကို တိုက်ခိုက်ခဲ့သည့် MNSP-AD တပ်ဖွဲ့။ ဓာတ်ပုံ - MNSP-AD

မွန်ပြည်နယ်၊ မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ် ၃၁၈ ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ၅ ဦး သေဆုံးကာ၊ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NMSP-AD က ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်သည်။

အဘစ်အမြောက်တပ်ကို NMSP-AD က နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် သံဖြူဇရပ်မြို့အဝင် ဖောၚ်စိန်စစ်ဆေးရေးဂိတ်ကိုလည်း NMSP-AD က နိုဝင်ဘာလ ၂၃ ရက်နေ့က ဒရုန်:ဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ အရာရှိနှစ်ဦးအပါအဝၚ် တပ်သားတစ်ဦးသေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု NMSP-AD ထံမှ သိရသည်။

“အဘစ်အမြောက်တပ် တိုက်ခိုက်မှုမှာ စကစ ၅ ဦးသေတယ်။ ဖောင်စိန်ဂိတ်ကို ဝင်တိုက်တုန်းကလည်း အရာရှိ နှစ်ဦး သေသွားတယ်။ ဒဏ်ရာရတာတွေလည်းရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်တာတွေ မရှိဘူး” ဟု မြေပြင်ရှိ NMSP-AD တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဘစ်အမြောက်တပ်နှင့် ဖောၚ်စိန်စစ်ဆေးရေးဂိတ် ဆက်တိုက် တိုက်ခိုက်ခံရပြီးနောက် အဘစ်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းနှင့် မုဒုံ-သံဖြူဇရပ်လမ်းပိုင်းတွင် စစ်ကောင်စီက လုံခြုံရေး ပိုတင်းကြပ်ထားပြီး စစ်ဆေးမှုများလည်း ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံတို့ထံမှ သိရသည်။

အောက်တိုဘာလအတွင်းကလည်း အမတ ၃၁၈ ကို NMSP-AD နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ရှော့တိုက်ဒုံး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရသည့်အပြင် အမတအထိုင်စခန်းနေရာနှင့် လက်နက်တိုက် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှသိရသည်။

မွန်ပြည်သစ်ပါတီ (NMSP) မှ ခွဲထွက်ထားသည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) MNSP AD သည် အခြားသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မွန်ပြည်နယ်၊ မွန်-ကရင်၊ မွန်-တနင်္သာရီအစပ်တို့တွင် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။