BREAKING
November 28, 2024

ထိုင်းတွင် ကရင်ကျောင်းသား ၂၀ နီးပါး လိင်ပိုင်းဆိုင်ရာ စော်ကားခံရ

November 28, 2024

ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီခရိုင်၊ စဝမ်ဖုန်ဒေသရှိ ထိုင်းအစိုးရ စာသင်ကျောင်းတွင် ပညာသင်ယူနေသော ကရင်ကျောင်းသား ၂၀ နီးပါးကို ထိုင်းကျောင်းဆရာတစ်ဦးက လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ကျောင်းသား ၉ ဦးကို ကျောင်းဆရာတစ်ဦးက လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် အရေးယူပေးရန် ကျောင်းသားမိဘများက စဝမ်ဖုန်ရဲစခန်းထံ နိုဝင်ဘာလ ၂၅ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့သည်။

ယင်းနောက် ကျောင်းဆရာကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဝရမ်းထုတ် ဖမ်းဆီးစစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့က ထပ်မံစုံစမ်းစစ်ဆေးရာမှ ကျူးလွန်ခံရသော ကျောင်းသား (အမျိုးသား)ဦးရေ ၁၇ ဦးအထိ တိုးလာခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့အနက် ကျောင်းသားမိဘ ၁၂ ဦးက တိုင်ချက်ဖွင့်ထားပြီး နောက်ထပ် ၅ ဦးကလည်း တိုင်ချက်ဖွင့်ရန် ရှိနေသေးကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားခံရသူများသည် အသက် ၉ နှစ်မှ ၁၄ နှစ်အရွယ်ရှိ ကျောင်းသားများဖြစ်ပြီး ကရင်တိုင်းရင်းသားများ၏ သားသမီးများဖြစ်ကြကြောင်း ဖော်ပြထားသည်။

ကျူးလွန်သူမှာ အသက် ၃၀ နှစ်အရွယ် ထိုင်းအမျိုးသား ကျောင်းဆရာတစ်ဦးဖြစ်ပြီး ကျောင်းသားများကို ပစ္စည်းသယ်ခိုင်းသည့်ပုံစံဖြင့် လိမ်လည်ခေါ်ဆောင်လာပြီး အခန်းထဲ လူမရှိသောအချိန် ကျူးလွန်ခြင်းဖြစ်သည်။

အခြားသူများကို မပြောရန် ခြိမ်းခြောက်ခဲ့သဖြင့် မိဘများက မသိကြကြောင်း၊ ကျောင်းသားတစ်ဦးတွင် စအို၌ အနာဖြစ်လာပြီး ကျောင်းဆရာက ကျူးလွန်ခဲ့ကြောင်း သိရသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားမှသာ အမှုမှန်များကို သိရခြင်းဖြစ်ကြောင်း စုံစမ်းမှုရလဒ်တွင် ဖော်ပြထားသည်။

ကျောင်းသားများကို နားနေခန်း၊ အိမ်သာအဆောင်နှင့် မှိုစိုက်ခင်းများသို့ ခေါ်ဆောင်ကာ နမ်းခြင်း၊ ထိတွေ့ခြင်း၊ လိင်အင်္ဂါကိုင်ခြင်း၊ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း၊ အဓမ္မပြုကျင့်ခြင်းများ ပါဝင်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသော ပြည်သူ့ပါတီအမတ် Mr. Piramet Maneechote က ထိုင်းသတင်းထောက်များကို ဖြေကြားထားသည်။

ကရင်ကျောင်းသားများသည် ထိုင်းနိုင်ငံသားလား မြန်မာနိုင်ငံသားလားကိုမူ ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိပေ။

ကျူးလွန်ခံထားရသည့် ကလေးငယ်များမှာ အပြုအမူများ ပြောင်းလဲလာကြပြီး နောက်ဆုံး ကျောင်းသွားရန် ငြင်းဆန်လာကြကြောင်း၊ ကျူးလွန်ခံရပြီးနောက်ပိုင်း မည်သူ့ကိုမှ မပြောရန်လည်း ခြိမ်းခြောက်ခံထားရကြောင်း မိဘဖြစ်သူများ၏ ဖြေကြားချက်ကို ဖော်ပြထားသည်။

လက်ရှိတွင် ထိုင်းအာဏာပိုင်များက ကျူးလွန်ခံရသူများကို စိတ်ပိုင်းဆိုင်ရာ အားပေးမှုများ လုပ်ဆောင်ပေးနေသည်။

ကျူးလွန်သူသည် ယင်းကျောင်းတွင် အကူဆရာအနေဖြင့် စာသင်ကြားနေပြီး လွန်ခဲ့သော ၂ နှစ်ခန့်က ဆရာအဖြစ်သို့ ရာထူးတိုးထားသူဖြစ်ကြောင်း ရတ်ချ်ဘူရီခရိုင်ပညာရေးမှူးက ဆိုသည်။

လုပ်သက်သုံးနှစ်အတွင်း ကျောင်းသားပေါင်း ၄၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည်ဟု ရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကျောင်းဆရာက လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို ဝန်ခံထားပြီး ၎င်းကိုယ်တိုင် ကျူးလွန်ခဲ့သော ကျောင်းသားအရေအတွက်ကို မသိကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ကျောင်းသားများနှင့် မိဘများကို စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး ကျူးလွန်သူ ကျောင်းဆရာကို လိင်ပိုင်းဆိုင်ရာဥပဒေ အမှု ၄ မှုဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: CH 3 Plus, Thai PBS world, MGR online, Khaosod, Daily News, Amarin TV